တာချီလိတ်မြို့တွင် ဝင်ငွေနည်းသူများအတွက် တန်ဖိုးနည်း နေ့လယ်စာ တစ်နပ် (၁၀)ဘတ်ဖြင့် စတင် ရောင်းချပေးနေ

Photo:  Top One (စားသောက်ဆိုင်)
Photo: Top One (စားသောက်ဆိုင်)
 တာချီလိတ်မြို့တွင် ဝင်ငွေနည်းသူများအတွက် တန်ဖိုးနည်း နေ့လယ်စာ တစ်နပ် (၁၀)ဘတ်ဖြင့် စတင် ရောင်းချပေးနေ
ဒီဇင်ဘာ 1, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် အရှေ့မြို့ပတ်လမ်းရှိ Top One စားသောက်ဆိုင်က ဝင်ငွေနည်းသူများအတွက် တန်ဖိုးနည်းနေ့လယ်စာ တစ်နပ်လျှင် (၁၀) ဘတ်ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့ကစ၍ နေ့စဉ်ရောင်းချပေးနေကြောင်း သိရသည်။

နေ့လုပ် နေ့စားသမားတွေ ထမင်းဟင်းချက်ဖို့ တစ်ချို့ဆို အခက်အခဲရှိတယ်။ တစ်ယောက်ထဲလာနေကြ အလုပ် လုပ်နေကြသူတွေဆို အခက်အခဲရှိတယ်။ ဥပမာ ပန်းရံတို့ဘာတို့ နေ့စားသမားတွေ အခက်အခဲရှိရင် လာစားလို့ရအောင်လို့ပါ။ တစ်ချို့ကျလည်း နေ့စားခက ၁၅၀၊ ၂၀၀ (ဘတ်)လောက်ပဲရကြတော့ နေ့လယ်စာ တစ်နပ်နဲ့ပဲ သုံးလေးဆယ်ကုန်ရမယ်ဆို သူတို့အတွက် သိပ်မကျန်တော့ဘူးလေ။ (၁၀) ဘတ်လောက်ဆိုရင်တော့ သူတို့အတွက် သိပ်မသိသာဘူးပေါ့။ အဓိက ကတော့ လှူတဲ့ပုံစံပါပဲ။

ဟု Top One (စားသောက်ဆိုင်) ဆိုင်ရှင်တစ်ဦးက ဆိုသည်။



အဆိုပါ တန်ဖိုးနည်းနေ့လယ်စာကို နေ့စဉ် နေ့လယ် (၁၁)နာရီမှ နေ့လယ် (၁)နာရီအထိ အချိန်အတွင်း တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်အတွင်း ဆန်ဆိုင်း - မယ်ခေါင်သွား အရှေ့မြို့ပတ်လမ်းရှိ  Top One (စားသောက်ဆိုင်)တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ဝင်ငွေနည်းသူများအတွက် စီစဉ်ပေးထားခြင်း ဖြစ်သည့်အတွက် ဒီဇင်ဘာလ(၂)ရက်နေ့အတွက် အလှူရှင်(၂)ဦးမှ  လူအယောက်(၁၀၀)စာ လှူဒါန်းပေးထားသည်ကိုလည်း တွေ့ရသည်။ 

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ပြည်တွင်းရွှေ့ပြောင်းအလုပ်အကိုင်ရှာဖွေသူ အများအပြားရှိနေခြင်းဖြစ်သည်။