မိုင်းဖြတ်ဆေးရုံက Covid-19 ဆေးရုံဆင်းများကို ကျပ်(၃၀၀၀၀)မှ ကျပ်(၅၀၀၀၀)အထိ တောင်းရမ်း

မိုင်းဖြတ်ဆေးရုံက Covid-19 ဆေးရုံဆင်းများကို ကျပ်(၃၀၀၀၀)မှ ကျပ်(၅၀၀၀၀)အထိ တောင်းရမ်း
နိုဝင်ဘာ 26, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ဆေးရုံမှ ဆင်းသူများကို ဆေးရုံက ကျပ်(၃၀,၀၀၀)မှ ကျပ်(၅၀,၀၀၀)အထိ ကောက်ခံမှုများရှိနေသည်။

မိုင်းဖြတ်ဆေးရုံမှာ ကိုဗစ် ဖြစ်တဲ့သူတွေကို ဆေးရုံက ဆင်းရင် ကျပ်(၃၀,၀၀၀)ကနေ ကျပ်(၅၀,၀၀၀)အထိ တောင်းတယ်။ ကိုဗစ် လူနာကို ​သူနာပြုတွေ ဆရာဝန်တွေ တစ်ယောက်မှ  တစ်ချက်မှကို လာမကြည့်ဘူး။ ဆေးလည်းပေးတာ မရှိဘူး။ ဆေးရုံက ရေတောင် မသောက်ရဘူး။ စားသောက်တာကအစ အိမ်တွေကပဲ ပို့ပေးရတာ။ ဘာအတွက်တောင်းတယ်၊ ဘာကြောင့်ဆိုတာ မသိရဘူး။ အထက်က တောင်းခိုင်းတာလား။ အောက်က လူတွေကပဲ တောင်းစားတာလားမသိဘူး။ ပေးတာတော့ ပေးကြရတယ်

ဟု လက်တွေ့ပေးခဲ့ရသူ မိုင်းဖြတ်ဆေးရုံဆင်း ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဆေးရုံက ကိုဗစ် လူနာများ၏ လိုအပ်ချက်များအား လုပ်ဆောင်ပေးခြင်း မရှိဘဲ ယခုလို ကောက်ခံခြင်းမှာ အဆင်မပြေသူများအတွက် အခက်တွေ့စေသည်ဟု ဆိုသည်။



အခုလို ခက်ခဲနေတဲ့ ကာလမှာ ကိုဗစ်က ဖြစ်ပါတယ်ဆို သူတို့က ငွေတောင်းတော့ မရှိတဲ့သူ မတတ်နိုင်သူအတွက်ဆို အတော်အခက်တွေ့တယ်။ တချို့ဆို ဆေးရုံက ဆင်းချိန် လက်ထဲငွေမရှိဘူး။ မရှိဘူးပြောတာတောင် မရဘူးနော်။ လာကြိုတဲ့ လူနားက ချေးငှားပေးလိုက်ကြရတဲ့သူတွေရှိသေးတယ်။ တချို့ မသိနားမလည်တဲ့ ရှမ်းတွေဆိုရင် ကျပ်(၅၀,၀၀၀)အထိတောင်ပေးရတယ်။ လူနာကို ဘာမှလည်း လုပ်ပေးတာ မဟုတ်ဘဲနဲ့ ဆေးရုံက သက်သက် လုပ်စားတာပဲ။

ဟု ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတွင် နေခဲ့ရသူ တစ်ဦးက ပြောသည်။



ကိုဗစ် လူနာများကို ကျန်းမာရေးက လာရောက်ကြည့်ရှုခြင်းမရှိ၍ မိမိကိုယ်ကိုယ် ကိုဗစ် သံသယရှိသူများမှာ မိမိအစီအစဉ်ဖြင့်သာ စစ်ဆေးတော့ကြောင်း သိရသည်။

အသိတစ်ယောက် ကိုဗစ်ဖြစ်ပြီး ဆေးရုံက ဆင်းလာတော့ ပြောပြတယ်။ ဆေးရုံက ဘာမှ မလုပ်ပေးတဲ့အကြောင်း ဆေးရုံက ဆင်းရင် ငွေတောင်းတဲ့အကြောင်းပေါ့။ ကိုဗစ်ဖြစ်လို့ ဆေးရုံတက်ရတာ ရင်နာတယ်လို့တောင် ပြောတယ်။ အဲ့လို လူနာကို မကြည့်ပေးတဲ့အပြင် ငွေတောင်တာတွေက အဆင်မပြေဘူး။ အဲ့လို ဆေးရုံထဲက သတင်းတွေ ကြားနေရတော့ ကိုယ့်ကိုကိုယ် ကိုဗစ် သံသယရှိသူ တော်တော်များများလည်း သွားမစစ်တော့ဘဲ အပြင်ဆေးဆိုင်တွေကနေ Test Kit  ဝယ်ပြီး ကိုယ့်ဘာသာ စစ်လိုက်တော့တာပဲ။ ပိုးတွေ့လည်း အိမ်မှာ သီးခြားနေလိုက်တယ်

ဟု မိုင်းဖြတ်မြို့မှ အငြိမ်းစားဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

 

မိုင်းဖြတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ်  ဇူလိုင်လ(၁)ရက်နေ့မှ နိုဝင်ဘာလ(၂၅)ရက်နေ့အထိ ကျန်းမာရေး၏ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံခဲ့ရသူ (၁၀၀၈)ဦးအထိ ရှိရာ သေဆုံးသူ (၁၀)ဦးအထိ ရှိနေပြီး လက်ရှိတွင် Covid-19 ပိုးတွေ့ပြီးနောက် စောင့်ကြည့်ခံ (၃၇)ဦးသာ ကျန်ရှိကြောင်း သိရသည်။