ဆိုင်ကယ်သူခိုးထံက ပြန်သိမ်းမိသည့် ဆိုင်ကယ်များကို ကျောက်မဲ ရဲတပ်ဖွဲ့က ကျပ်(၁)သိန်းပေးမှသာ ပိုင်ရှင်ထံ ပြန်အပ် 

ဆိုင်ကယ်သူခိုးထံက ပြန်သိမ်းမိသည့် ဆိုင်ကယ်များကို ကျောက်မဲ ရဲတပ်ဖွဲ့က ကျပ်(၁)သိန်းပေးမှသာ ပိုင်ရှင်ထံ ပြန်အပ် 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဆိုင်ကယ်သူခိုးများထံက ပြန်လည်သိမ်းယူရရှိလာသည့် ဆိုင်ကယ်များကို ပိုင်ရှင်များက ရဲတပ်ဖွဲ့ထံတွင် တစ်စီးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ပေးဆောင်ကာ ပြန်လည်‌ ရွေးယူနေရသည်။

ဆိုင်ကယ်အများစုက လိုင်စင်မလုပ်ရသေးတဲ့ဆိုင်ကယ်တွေပေါ့၊ စုစုပေါင်း ( ၁၇ )စီး မိထားတာ၊ အဲ့ဒါ ခိုးသူတွေက သူတို့ဘယ်ကခိုးခဲ့တာတွေပြောပြတော့ မြို့ထဲကဆိုင်ကယ်ပျောက်တဲ့သူတွေက ရဲစခန်းမှာ သွားကြည့်ပြီး ကိုယ့်ဆိုင်ကယ်ပါတယ်ဆို ပြန်ရွေးယူရတာပေါ့၊ တစ်စီးကို ငါးသောင်း နဲ့ရွေးတာမရဘူး တစ်သိန်း ပေးမှရမယ်ဆိုလို့ တစ်သိန်းပေးပြီး ရွေးယူခဲ့ရတာ၊ ရှိစုမဲ့စုနဲ့ဝယ်ထားရတာဆိုတော့ အသစ်လဲ ထပ်မဝယ်နိုင်လို့ တစ်သိန်းပေးပြီး ရဲစခန်းကနေရွေးယူရတာပေါ့

ဟု ဆိုင်ကယ်ကို တစ်သိန်းဖြင့်ရွေးယူခဲ့ရသူနှင့် ဆက်စပ်သိရှိသူ တစ်ဦးက Tachileik News Agency သို့  ပြောသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်းက ကျောက်မဲမြို့နယ်အတွင်း  ဆိုင်ကယ်လိုက်လံ ခိုးယူသည့် ဆိုင်ကယ်သူခိုးအဖွဲ့ထဲမှာ ဆိုင်ကယ်(၁၇)စီးကို ကျောက်မဲမြို့နယ်နှင့်မြိုမရဲတပ်ဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိပြီး ကျောက်မဲမြို့မရဲစခန်းတွင် ဆိုင်ကယ်များကို ပြန်ယူရန်အတွက် ရဲတပ်ဖွဲ့ကို တစ်စီးလျှင် ကျပ်(၁)သိန်းပေးပြီးမှသာ ဆိုင်ကယ်ကို ပြန်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသိမ်းဆည်းရမိသည့် ဆိုင်ကယ်များအနက် ပိုင်ရှင်ပေါ်၍ ငွေတစ်သိန်းယူကာ ပြန်ပေးမှုများရှိသော်လည်း ပိုင်ရှင်ကို ဆက်သွယ်မရသည့် ဆိုင်ကယ်များကိုတော့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က အပြင်ထုတ်ရောင်းခြင်းများလည်း ရှိနေသည်ဟု ဆိုင်ကယ်ဝယ်ရောင်း ပြုလုပ်သူ အသိုင်းအဝန်းများထံက သိရသည်။ 

ကျောက်မဲ နှင့် သီပေါမြို့နယ်များ အပါအဝင် ကျောက်မဲခရိုင်အတွင်း၌ ၂၀၂၁ခုနှစ် စက်တင်ဘာလက စတင်ကာ ဆိုင်ကယ်ခိုးယူမှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေရာတွင် နေခင်း အချိန်များပါ ဖြစ်ပွားနေပြီး ယခုဖမ်းဆီးရမိသည့် ဆိုင်ကယ် သူခိုးအဖွဲ့အပြင် အခြားအဖွဲ့များလည်း ရှိနေသေးသည်ဟု ဒေသခံများထံက သိရသည်။