နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA သိမ်း၊ စစ်သုံ့ပန်း ၆၄ ဦး ဖမ်းဆီးရမိ

နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA သိမ်း၊ စစ်သုံ့ပန်း ၆၄ ဦး ဖမ်းဆီးရမိ
ဒီဇင်ဘာ 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ(၁၀၁)တပ်မမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော်(TNLA)က သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နမ့်ဆန်တပ်စခန်းများကို TNLAက ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာလ (၁၀)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းသည် ပခုက္ကူ အခြေစိုက် တပ်မ (၁၀၁)နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ(၂၅၈)မှ လာရောက်ထိုးစစ်ဆင် စခန်းချသည့် တပ်စခန်းဖြစ်ပြီး စစ်ကောင်စီ၏  ထောက်ပို့တပ်ဖြစ်သည့် အမှတ်(၆၂၆/၉၂၉)အခြေချ မြို့လည်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း မန်တုံ ခလရ(၁၃၀)တပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့်  လေကြောင်းဖြင့် Mi35 တစ်ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဥ် (၅)ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ နမ့်ဆန်တပ်စခန်းကို TNLAက တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ လေယာဥ်ဗုံးစ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခြင်း နမ့်ဆန်မြို့မ ဂိုဏ်းချုပ်ကျောင်း လေယာဥ်ဗုံးစ ထိမှန် ပျက်စီးခြင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင် လေယာဥ်ဗုံး ထိမှန်မီးလောင်ခြင်း၊ လူနေအိမ်(၄၀)ကျော် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် (၁၄)လုံး မီးလောင်ပျက်စီးခဲ့ခြင်းများရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်သား (၃၀)ဦး၊ မိသားစုဝင် (၃)ဦး၊ ရဲ (၆)ဦးနှင့် ရဲမိသားစုဝင် (၂၅)ဦး စုစုပေါင်း (၆၄)ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News