ကျောက်မဲမြို့ရှိ KTV တွင် ခရိုင်ရဲ(၂)ဦး သောက်စားမူးယစ်ရမ်းကားပြီး ရိုက်ခွဲမှု ဖြစ်ပွား

ကျောက်မဲမြို့ရှိ KTV တွင် ခရိုင်ရဲ(၂)ဦး သောက်စားမူးယစ်ရမ်းကားပြီး ရိုက်ခွဲမှု ဖြစ်ပွား
ဇွန် 10, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်အတွင်း   KTV ဆိုင် တစ်ဆိုင်တွင်  ရဲတပ်ဖွဲ့ဝင်(၂)ဦးမှ သောက်စားမူးယစ်ရမ်းကားပြီး ပုလင်းနှင့်ဖန်ခွက်များရိုက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ည(၈)နာရီမှ နံနက် (၄)နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားသည့် အချိန်တွင် ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၅)ရှိ KTVဆိုင် တစ်ဆိုင်တွင် ၂၀၂၁ခုနှစ် ဧပြီလ(၈)ရက်နေ့ ည (၁၀)နာရီဝန်းကျင်အချိန်က ကျောက်မဲခရိုင်ရဲရုံး တာဝန်ကျ ရဲဝန်ထမ်း (၂)ဦးက ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ယင်းဖြစ်စဉ်ကြောင့် ကျောက်မဲ ရဲစခန်းသို့ အကြောင်းကြားလိုက်ရာ ရဲများရောက်ရှိလာပြီး အဆိုပါဖြစ်စဉ်ကို မည်သူမှမသိစေရန် အသိပေးထားကြောင်းနှင့် မူးယစ်ရမ်းကားပြီး ဆိုင်အတွင်း ရိုက်ခွဲသည့် ရဲတပ်ဖွဲ့ဝင် (၂)ဦးကို ခေါ်ဆောင်သွားသော်လည်း အရေးယူဆောင်ရွက်မှ ပြုလုပ်ခြင်းမရှိကြောင်း တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်များထံက သိရသည်။

ဇွန်လ(၆)ရက်နေ့ ညပိုင်းကလည်း ညမိုးချုပ်သွားသဖြင့် ပိတ်သွားသည့် KTV ဆိုင်တစ်ဆိုင်ကို ရဲအုပ် (၂)ဦး၊ ဒုရဲအုပ်(၃)ဦး ပါဝင်သည့် အရပ်ဝတ်အဖွဲ့က ရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဖွင့်ခိုင်းပြီး ဆူပူမူးယစ်ရမ်းကားသည့်အတွက် ဘေးပတ်ဝန်းကျင်များ၏ တိုင်ကြားမှုကြောင့် သက်ဆိုင်ရာက လာရောက်ရိုက်နှက်ပြီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း သိရသည်။