မြန်မာ - တရုတ် နယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဟု တရုတ်ဘက်က ကြေငြာထားသော်လည်း မြန်မာဘက်က ဇန်နဝါရီလ(၈)ရက်နေ့ နံနက်(၉)နာရီကျော်အထိ မဖွင့်သေး

မြန်မာ - တရုတ် နယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဟု တရုတ်ဘက်က ကြေငြာထားသော်လည်း မြန်မာဘက်က ဇန်နဝါရီလ(၈)ရက်နေ့ နံနက်(၉)နာရီကျော်အထိ မဖွင့်သေး
ဇန်နဝါရီ 8, 2023 | ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ - တရုတ်  နယ်စပ်ဂိတ်လမ်းကြောင်းများဖြစ်သည့် ရွှေလီနယ်စပ်ဂိတ် အပါအဝင် လမ်းကြောင်း(၃)ခု ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၈)ရက်နေ့ နံနက်(၈)နာရီ၏က စပြီး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက တရားဝင်ကြေညာထားသော်လည်း မြန်မာဘက်က မဖွင့်ပေးသေး၍ နံနက်(၉)နာရီအခွဲအချိန်အထိ သွားလာ၍ မရသေးသည့် အခြေအနေ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။ 

"မူဆယ်ကနေ တရုတ်ထဲဝင်မယ်သူ လက်မခံသေးဘူး။  တရုတ်ကဖွင့်လိုက်ပြီ။ အဓိက မြန်မာဘက်က လူအင်အားမရှိလို့ မြန်မာဘက်က မဖွင့်သေးတာ လောလောဆယ် အခြေနေစောင့်ကြည့်နေတုန်းပါ။ လဝက လူအင်အား မရှိဘူးလို့ ကြားတယ် အလယ်ပေါက်မှာ"ဟု ဒေသခံ တစ်ဦးက Tachileik NewsAgency သို့ ပြောသည်။

ယင်းအပြင် ဂိတ်အဝင်အထွက်တွင် ယခင်ကလို တစ်ခါသုံး ယာယီလက်မှတ်များ အသုံးမပြုတော့ဘဲ စာအုပ်အနီဖြင့်သာ သွားလာခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ စာအုပ်အနီများကိုလည်း ရှမ်းပြည်နယ်အတွင်း နေထိုင်ပြီး ၁၃/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုသာ ထုတ်ပေးမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

 မြန်မာ - တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၉)နာရီ (၄၉)မိနစ်အချိန်တွင် အသိပေးကြေညာလာပြီးနောက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mrs. Wu Xi ထံ ဇန်နဝါရီလ(၅)ရက်နေ့၏ နေ့လည်(၂)နာရီခွဲတွင် သွားရောက်ပြီး  နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ 

လက်ရှိတွင် ယနေ့ ၂၀၂၃ခုနှစ် ဇန်ဝါရီလ(၈)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်အထိ နယ်စပ်ဂိတ် ဟိုဖက် ဒီဖက်တို့တွင် နှစ်ဖက် ကူးသန်းသွားလာရေးအတွက် စောင့်မျှော်နေသူများပြားနေကြောင်း သိရသည်။