ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဟောင်း အပါအဝင် (၁၀)ဦးကို အလိုရှိ တရားခံများအဖြစ် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဟောင်း အပါအဝင် (၁၀)ဦးကို အလိုရှိ တရားခံများအဖြစ် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်
ဒီဇင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

 မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ဆောင်သည့် မင်မိသားစုကို ဖမ်းဆီးရရှိပြီးနောက် တရုတ်အစိုးရက နောက်ထပ် အလိုရှိတရားခံများအဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ဦးပယ်စောက်ချိန် အပါအဝင် (၁၀)ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ ဖူကျင့်ပြည်နယ်၊ ချုံချင့်မြို့မှ ရဲဌာနများက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ဖမ်းဝရမ်း အမည်စာရင်းတွင်  ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ဦးပယ်စောက်ချိန်(ခ)ဘေစော်ချိန်၊  白所成 နှင့် ၎င်း၏ သားဖြစ်သူ ပယ်ရင့်ချန်(ခ)လီယွင်ချိန် နှင့် သမီးဖြစ်သူ  ပယ်ရင့်လန်(ခ)လီမုန့်န တို့ ပါဝင်သည်။

ယင်းအပြင် ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း နှင့် ၎င်း၏ သားဖြစ်သူ ဝိချင်ရှုံး(ခ)ရန်ရှုံး နှင့် တူမဖြစ်သူ ဝိယုံ(ခ)ချိန်ယုံ  အပါအဝင် ဦးလျှိုကျိမ့်ရှန် နှင့် ၎င်း၏ သားဖြစ်သူ  လျှိုကျီကွမ်(ခ)လီဟွာကွမ် အပြင်၊ လျှိုကျိမ့်မောက် နှင့် ရွှီလောက်ဖာ(ခ)ရွှီဖာချီ စုစုပေါင်း (၁၀)ဦး ပါဝင်ကြောင်း သိရသည်။

တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်သည့် (၁၀)ဦးတွင် ဦးပယ်စောက်ချိန်(ခ)ဘေစော်ချိန်၊  白所成 သည်  ၂၀၁၁ခုနှစ် မတ်လ(၃၀)ရက်နေ့က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ အဖြစ် ခန့်အပ်တာဝန်ပေးခံရသူဖြစ်ပြီး ၎င်းသည် ၂၀၁၆ခုနှစ် ဧပြီလ(၇)ရက်နေ့အထိ  တာဝန်ယူခဲ့သူဖြစ်သည်။

အလိုရှိ (၁၀)ဦးတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်တို့မှ ပါဝင်ပြီး ကုမ္ပဏီထောင်၍  ဆိုင်ဘာမှုခင်းများနှင့် အခြားပြစ်မှုများကို ကျူးလွန်ထားကြသူများ ဖြစ်သည့်အပြင် အွန်လိုင်လိမ်လည်မှုလုပ်ငန်းများကို လုပ်ဆောင်ရာတွင် မတရားချုပ်နှောင် အကြပ်ကိုင်စေခိုင်းခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် လူသတ်သည်များအထိ ရာဇဝတ်မှုများစွာကို ကျူးလွန်ကြသူများ ဖြစ်ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ်၏ နိုဝင်ဘာလ(၁၂)ရက်နေ့က ကိုးကန့်ဒေသအတွင်းမှ ဦးမြီရှောက်ချန်း နှင့် သားဖြစ်သူ မင်ကော်ဖျင်၊ သမီးဖြစ်သူ မင်ကျွီလန် အပါအဝင် မြေးဖြစ်သူ မင်ကျိန်းကျိန်း တို့ (၄)ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ရာ  နိုဝင်ဘာလ(၁၆)ရက်နေ့တွင် (၄)ဦးအနက် (၃)ဦးကို ဖမ်းမိသော်လည်း ဦးမြီရှောက်ချန်းမှာ ဖမ်းဆီးမှုအတွင်း  ကိုယ်ကိုကိုယ် သေနတ်ဖြင့် ပစ်၍ အဆုံးစီရင်သွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသေးသည်။