မူဆယ်နှင့် ကွတ်ခိုင်မြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ

မူဆယ်နှင့် ကွတ်ခိုင်မြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ယမန်နေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၂၉)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ပူးပေါင်း ပြည်သူ့စစ်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ (၃)နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အပြင် လက်နက်ကြီး အလုံး(၆၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ် တပ်မ(၉၉)လက်အောက်ခံ ခမရ(၄၂၀)၊ (၄၁၇)နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် TNLA တပ်ဖွဲ့များရှိရာ လွယ်တယ်မိန်းတောင်သို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာရာက နားထန်အနီးတွင် တစ်ကြိမ်၊ ညနေပိုင်းတွင်  စယ်လန်းကျေးရွာအနီးတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင်လည်း TNLA တပ်ဖွဲ့များရှိရာ လွယ်နောဖောင်သို့ စစ်ကောင်စီတပ်ဖွဲ့  စကခ(၁၇)၊ ခမရ(၅၇၇)၊ ရမခ/ခရလ(၄၅)တို့ ထိုးစစ်ဆင်လာသဖြင့် နေ့လယ်ပိုင်းတွင် ခိုမုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် TNLAတပ်ဖွဲ့များကလည်း မူဆယ်မြို့တွင်း စယ်လန့်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာ၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖက်ကာမှ စစ်ကောင်စီတပ်ဖွဲ့များအား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများပါတယ်။ အသေးစိတ်မသိရသေးဘူးခင်ဗျ။ စစ်ရေးတင်းမာနေတဲ့အခြေအနေပါ။ ကျွန်တော်တို့ ရွာလုံးကျွတ် ထွက်ပြေးနေပါတယ်။ စယ်လန့်ရွာ မူကြိုကျောင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာကို TNLAက လာရောက်တိုက်ခိုက်ခဲ့တာ။”ဟု စယ်လန့်ရွာဒေသခံ တစ်ဦးက Tachileik News Agencyကိုပြောသည်။

Tachileik News Agencyကရရှိထားသည့် ဓာတ်ပုံများတွင်မူ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများအပြား တိုက်ပွဲအတွင်း သေဆုံးနေသည်ကို တွေ့ရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်ဖြစ်သည့် လွယ်မောက်တောင်၊ စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ စစ်ကောင်စီ၏ နမ့်ဖက်ကာတပ်စခန်းမှ လက်နက်ကြီး အကြိမ်(၂၀)၊ ၁၀၅မိုင်တပ်စခန်းမှ (၁၅)ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် ပစ်ခတ်ခဲ့ပြီးနောက်  ညနေပိုင်းတွင် တိုက်လေယာဉ်တစ်စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး(၈)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကြောင့် စယ်လန့်ကျေးရွာရှိ နေအိမ်များနှင့် လူထိခိုက်မှုရှိခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။ 

TNLAနှင့် စစ်ကောင်တပ်ဖွဲ့တို့အကြား ယခုသြဂုတ်လအတွင်း တိုက်ပွဲစုစုပေါင်း (၁၈)ကြိမ် ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

#TachileikNewsAgency

Photo : CJ