မိုင်းဆတ်ခရိုင်အတွင်း ဈေးဆိုင်နှင့်စားသောက်ဆိုင်များအားလုံး နေ့လည်(၁၂)နာရီအထိသာ ဖွင့်လှစ်ရန် စည်ပင်ကြေညာ

 မိုင်းဆတ်ခရိုင်အတွင်း ဈေးဆိုင်နှင့်စားသောက်ဆိုင်များအားလုံး နေ့လည်(၁၂)နာရီအထိသာ ဖွင့်လှစ်ရန် စည်ပင်ကြေညာ
နိုဝင်ဘာ 20, 2021 | Covid-19| ရှမ်းရှေ့

Covid-19 ကူးစက်မှုဆက်လက်မြှင့်တက်နေဆဲဖြစ်သည့် မိုင်းဆတ်ခရိုင်အတွင်း ဈေးဆိုင်မျိုးစုံ နှင့် စားသောက်ဆိုင်များအားလုံး နိုဝင်ဘာလ(၂၁)ရက်နေ့က စပြီး နိုဝင်ဘာလ(၃၀)ရက်နေ့ နံနက်(၄)နာရီမှ နေ့လည် (၁၂)နာရီထိသာ ဖွင့်လှစ်ရန်နှင့် သတ်မှတ်ချက်အား မလိုက်နာပါ အရေးယူမည်ဟု စည်ပင်သာယာရေးဌာနက နိုဝင်ဘာလ(၂၀)ရက်နေ့တွင် အသိပေးထားကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်အတွင်း  မိုင်းဆတ်မြို့နယ် နှင့် မိုင်းတုံမြို့နယ်အတွင်းတို့ရှိ အိမ်ဆိုင်များ၊ လမ်းဘေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် ဈေးရှိ ဆိုင်ခန်းများအားလုံးကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့က စပြီး နိုဝင်ဘာလ (၃၀)ရက်နေ့အထိ နေ့စဉ် နံနက်(၄)နာရီမှ နေ့လည်(၁၂)နာရီအထိသာ ဖွင့်လှစ်ရန် အသိပေးထားခြင်း ဖြစ်သည်။

မိုင်းဆတ်မြို့နယ်၏ Covid-19 တတိယလှိုင်းအတွင်း ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁,၂၂၇)ဦးအထိရှိရာ လက်ရှိတွင် စောင့်ကြည့်ကုသခံနေသူ စုစုပေါင်း (၃၃၆)ဦးကျန်ရှိပြီး သေဆုံးသူမှာ (၇)ဦးအထိ ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ  Covid-19 ကူးစက်ခံရ၍ စောင့်ကြည့်ကုသမှုခံယူနေသူ လက်ရှိစာရင်းမှာ မိုင်းတုံမြို့တွင် (၁၃၄)ဦး နှင့် ပုံပါကျင်မြို့တွင် (၂၇)ဦး ရှိနေကြောင်း သိရသည်။