မူဆယ်အတည်ပြုလူနာ နှင့်အတူ မန်းပုံဖြင့် ရန်ကုန်- လားရှိုး - တာချီလိတ် ခရီးစဉ်တွင် အတူလိုက်ပါလလာသည့် ခရီးသည်များ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လို

မူဆယ်အတည်ပြုလူနာ နှင့်အတူ မန်းပုံဖြင့် ရန်ကုန်- လားရှိုး - တာချီလိတ် ခရီးစဉ်တွင် အတူလိုက်ပါလလာသည့် ခရီးသည်များ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လို
ဧပြီ 25, 2020
By Tachileik News Agency
မူဆယ်အတည်ပြုလူနာ နှင့်အတူ မန်းပုံဖြင့် ရန်ကုန်- လားရှိုး - တာချီလိတ် ခရီးစဉ်တွင် အတူလိုက်ပါလလာသည့် ခရီးသည်များ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန်လို

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့မှ COVID 19 အတည်ပြုလူနာ (Case 143)သည် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့က စီးနင်းလာသည့်  မန်းရတနာပုံလေကြောင်းလိုင်း၏ 7Y 671 ရန်ကုန်- လားရှိုး - တာချီလိတ် ခရီးစဉ်တွင် လိုက်ပါခဲ့သူများ နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်ပေးကြရန် လိုအပ်မည်ဖြစ်သည်။

“လားရှိုးဘက်ကလည်း ရှာနေတယ်။ ဒီဘက်မှာလည်း ကျွန်တော်တို့ ရှာနေတယ်။ လူကတော့ နည်းပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ကုန်မှ လားရှိုးသို့ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် မတ်လ (၂၀)ရက်နေ့က စီးနင်းလိုက်ပါလာခဲ့သည့် ခရီးသည်အမျိုးသမီး (၁)ဦးမှာ ဧပြီလ (၂၄)ရက်နေ့က COVID 19 အတည်ပြုလူနာအဖြစ် ဓါတ်ခွဲတွေ့ရှိရသဖြင့် ထိတွေ့မှုရှိနိုင်သူများကို ကျန်းမာရေးဦးစီးဌာနက ရှာဖွေနေခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာဖြစ်သွားသည့် အမျိုးသမီးမှာ ဒူဘိုင်းမှ မတ်လ (၁၆)ရက်နေ့တွင် ပြန်လာပြီး မတ်လ (၂၀)ရက်နေ့တွင် မန်းရတနာပုံလေကြောင်းလိုင်း၏ ရန်ကုန် - လားရှိုး - တာချီလိတ်ခရီးစဉ်ဖြင့် လားရှိုးအထိ စီးနင်းလာပြီးနောက် လားရှိုးမှ မူဆယ်သို့ ယာဉ်ငယ်လိုင်းဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ရှိနေအိမ်တွင် နေထိုင်နေစဉ် ကျန်းမာရေးမကောင်းသဖြင့် ဧပြီလ (၂၁)ရက်နေ့က ကျန်းမာရေးဌာနက ဓါတ်ခွဲနမူနာရယူပို့ဆောင်ခဲ့ရာ ဧပြီလ (၂၄)ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ အတည်ပြုလူနာ၏ နေအိမ်နှင့်အနီးဝန်းကျင်ကို အသွားအလာကန့်သတ်ခြင်းလုပ်ဆောင်ထားပြီး လူနာနှင့် အနီးကပ်ထိတွေ့မှုကြောင့် ရောဂါကူးစက်ခံထားရနိုင်ချေရှိသူများကို ဓါတ်ခွဲစစ်ဆေးပေးရန် စုံစမ်းရှာဖွေမှုများလုပ်ဆောင်နေကြခြင်းဖြစ်သည်။

အတည်ပြုလူနာမှာ လက်ရှိတွင် မူဆယ်ပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၏ (၇)ဦးမြောက် COVID 19 အတည်ပြုလူနာ (Case 143) မှာ အသက် (၈၇)နှစ်အရွယ်  အမျိုးသမီးဖြစ်သည်။

ရှမ်းပြည်နယ်တွင် COVID 19 အတည်ပြုလူနာများကို  မူဆယ်ပြည်သူ့ဆေးရုံတွင်(၁)ဦး အပါအဝင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ (၂) ဦး၊ လားရှိုးပြည်သူ့ဆေးရုံ၌ (၁)ဦးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံ၌ (၃)ဦး ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~