အာဏာသိမ်းတပ်က ကိုးကန့်ခရိုင်အတွင်း လူ၊ လက်နက်ခဲယမ်း အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေ

အာဏာသိမ်းတပ်က ကိုးကန့်ခရိုင်အတွင်း လူ၊ လက်နက်ခဲယမ်း အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေ
နိုဝင်ဘာ 13, 2021 | ရှမ်းမြောက်

ကိုးကန့် MNDAA ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် စစ်ကောင်စီသည် စစ်ကား(၁၈)စီးဖြင့် လူအင်အားနှင့် လက်နက်ခဲယမ်းများသယ်ဆောင်ကာ ကိုးကန့်ခရိုင်အလယ်ပိုင်းသို့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ဝင်ရောက်လာကြောင်း သိရသည်။

အာဏာသိမ်းတပ်၏ လက်နက်ခဲယမ်း သယ်ဆောင်သည့် စစ်ကား (၆)စီးအပါအဝင် လူအင်အားအပြည့်ပါသည့် စစ်ကားစုစုပေါင်း (၁၈) စီးသည် လောက်ကိုင်မြို့မှ ရှိစန်းဒေသ၊ သာရွှေထန်သို့ ယမန်နေ့ညနေက ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ တစ်နေ့တာအတွင်း အာဏာသိမ်းတပ်က  ယမန်နေ့  နံနက် (၈) နာရီခွဲကျော်တွင် ကိုးကန့်ခရိုင်းနှင့် မုံးကိုးခရိုင် မန်ဖာဒေသဘက်မှနေ၍ ကိုးကန့်MNDAAတပ်ရှိရာ  မုံးကိုးဒေသသို့ လက်နက်ကြီးများဖြင့် ကြိုးကြား  ကြိုးကြား ပစ်ခတ်ခဲ့ခြင်း၊ နေ့လယ် (၂)နာရီဝန်းကျင်မှ ညနေ (၄)နာရီဝန်းကျင်အထိ  ပန်ရင်လပတောင်ကုန်းရှိ ကိုးကန့်MNDAA၏ တပ်စခန်းကို ရန်စပစ်ခတ်ခြင်း၊ ညနေ (၂)နာရီခွဲဝန်းကျင်တွင် လားရှိုး - သိန္နီလမ်း (၁၄) မိုင်အနီးရှိ ဖူလုံအနောက်ဘက်တောတန်းတွင် တိုက်ခိုက်ခြင်းတို့အပြင်  ချီကျူပ ၊ ‌လော်ကူလောက်ရီထန်ဒေသတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းတပ်သည် ကိုးကန့်ဒေသကို ထိုးစစ်ဆင်ကာ လူသူလက်နက်အင်အား တောက်လျှောက်ဖြည့်တင်းနေရာ နိုဝင်ဘာလ (၁၁)ရက်နေ့ကလည်း သိန္နီခရိုင်၊ နမ့်စလပ်မှနေ၍ ကိုးကန့်၊ ကွမ်းလုံဒေသသို့ စစ်ကူရန် လာသည့် အာဏာသိမ်းတပ်၏ စစ်ကား  (၂၈)စီးကို ကိုးကန့်MNDAA က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကား (၉)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းတပ်နှင့် MNDAA တို့ကြား တိုက်ပွဲများ ကိုးကန့်ခရိုင်နှင့် သိန္နီခရိုင်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။