ကျောက်မဲတွင် စွန့်ပစ်ကလေးငယ်အား မွေးစားလိုသည့်မိသားစုကို တရားဝင်ခွင့်ပြုပေးရန် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနေ

ကျောက်မဲတွင် စွန့်ပစ်ကလေးငယ်အား မွေးစားလိုသည့်မိသားစုကို တရားဝင်ခွင့်ပြုပေးရန် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနေ
အောက်တိုဘာ 26, 2020
By Tachileik News Agency

 

ကျောက်မဲတွင် စွန့်ပစ်ကလေးငယ်အား မွေးစားလိုသည့်မိသားစုကို တရားဝင်ခွင့်ပြုပေးရန် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့က ရေဆိုးမြောင်းအတွင်း စွန့်ပစ်ခံထားရသည့် မွေးကင်းစကလေးငယ်အား ကောက်ယူတွေ့ရှိသူ တရားဝင်မွေးစားနိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
"ကလေးမွေးစားတယ် ဆိုတာကလေ အဲဒီလိုချက်ချင်းတွေ့ ချက်ချင်းမွေးစားလို့မရဘူး။ နောင်တစ်ချိန်မှာ ဥပဒေကြောင်းအရ အရှုပ်အရှင်းတွေဖြစ်မလာဖို့ တရားဝင်အထောက်အထား စုံစုံလင်လင်နဲ့ စာရင်းတွေဘာတွေ သွင်းပြီးမွေးစားမှရမှာ။ အဲဒီအတွက် ကလေးကိုတွေ့ခဲ့တဲ့နေရာက အုပ်ချုပ်ရေးတာဝန်ရှိသူနဲ့ ကလေးကိုမွေးစားမယ့် အမျိုးသမီးကိုလည်း အဲဒီလိုရှင်းပြ၊ ပြောပြဖို့ ရုံးကိုခေါ်ထားတယ်။ သူတို့ကိုလည်း အဲဒီလိုနားလည်အောင် ရှင်းပြဖို့လိုတယ်။ နောက်ပြီးတော့ အခုတွေ့ရတဲ့ စွန့်ပစ်ကလေးငယ်တင် မဟုတ်ဘဲ အခြားခက်ခဲနေတဲ့ ကလေးတွေနဲ့ ပတ်သက်ရင်လည်း ကူညီပေးနိုင်ဖို့၊ အကူအညီရနိုင်ဖို့ ကျွန်မတို့ဌာနက လုပ်ဆောင်ပေးနေပါတယ်"ဟု ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ရီရီခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ပြောသည်။
ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ ( ၁ ) ရှိ လူနေအိမ်များအကြား ဖြတ်သန်းသွားသော ရေဆိုးမြောင်းထဲတွင် အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် (၄) နာရီခွဲဝန်းကျင်က ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်ထားသည့် အထုပ်တစ်ထုပ်အတွင်းမှ ချက်ကြိုးမဖြတ်ရသေးသည့် မွေးကင်းစကလေးငယ်အား တွေ့ရသည့် မိသားစုက ကလေးငယ်များ မွေးစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကလေးငယ်အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ကလေးကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ တရားဝင် စာရွက်စာတမ်း အထောက်အထားများဖြင့် ဥပဒေနှင့်အညီ မွေးစားခွင့်ပေးရေးတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်ပေးရခြင်းဖြစ်သည်။
ကလေးသူငယ်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက လူမှုဝန်ထမ်းဦးစီးဌာနများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်မည်ဖြစ်ပြီး ကျောက်မဲခရိုင်အတွင်းမှ ဆက်သွယ်လိုသူများအနေဖြင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ဖုန်းနံပါတ် ၀၈၂-၄၀၅၇၁ သို့ ဆက်သွယ်၍ အကြံဉာဏ်နှင့် အကူအညီတောင်းခံရယူနိုင်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~