အီတလီတွင် ဝန်ကြီးချုပ် နုတ်ထွက်ပြီးနောက်  လွှတ်တော် ဖျက်သိမ်း 

 အီတလီနိုင်ငံ  ဝန်ကြီးချုပ် Mario Dragh [ Photo: Gregorio Borgia/AP ]
အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Dragh [ Photo: Gregorio Borgia/AP ]
အီတလီတွင် ဝန်ကြီးချုပ် နုတ်ထွက်ပြီးနောက်  လွှတ်တော် ဖျက်သိမ်း 
ဇူလိုင် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 အီတလီနိုင်ငံတွင် ဝန်ကြီးချုပ် Mario Draghi ဇူလိုင်လ (၂၁) ရက်နေ့က နုတ်ထွက်သွားပြီးနောက် သမ္မတ Sergio Mattarella က လွှတ်တော်ကို ဖျက်သိမ်းလိုက်ရာ ရွေးကောက်ပွဲ စော၍ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ 

သမ္မတ Mattarella ဝန်ကြီးချုပ် Draghi နှင့် ၎င်း၏ဝန်ကြီးများကို ပြီးခဲ့သည့် (၁၈) လအတွင်း ၎င်းတို့၏ အားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ရောမမြို့ရှိ Quirinale နန်းတော်ကနေ ပြောကြားသည့် မိန့်ခွန်းတိုတွင် ထည့်သွင်းပြောခဲ့သည်။ 

နိုင်ငံရေးအခြေအနေအရ ယခုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟုလည်း သမ္မတက လွှတ်တော်ဖျက်သိမ်းမှုကို ရည်ညွှန်းပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အရ ရွေးကောက်ပွဲကို လာမည့် ရက်ပေါင်း (၇၀) အတွင်း ကျင်းပပြုလုပ်သွားမည်ဟု ၎င်းကဆိုသည်။ 

ဝန်ကြီးချုပ် Draghi မှာ ၎င်း၏ ညွှန့်ပေါင်းအစိုးရအဖွဲ့မှ အကြီးဆုံးပါတီလည်းဖြစ်ပြီး အင်အားကြီးသည့် 5-Star Movement ပါတီ၊ ဗဟိုလက်ယာဝါဒီ Forza Italia ပါတီနှင့် လက်ယာစွန်းပါတီ League တို့က ဇူလိုင်လ (၂၀) ရက် ညပိုင်းတွင် ပြုလုပ်ခဲ့သည့် ယုံကြည်မှုအဆို မဲခွဲရာတွင် ၎င်းကို ထောက်ခံခြင်းမရှိခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခြင်း ဖြစ်သည်။

အီတလီတွင် လူကြိုက်များပြီး ကမ္ဘာ့ခေါင်းဆောင်များ၏ အားပေးထောက်ခံမှုရှိသော်လည်း Draghi မှာ ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်။ 

ထင်ရှားသည့် စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မသက်ဆိုင်သူ Draghi က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အီတလီဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

အီတလီတွင် COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် Giuseppe Conte က ၂၀၂၁ ခုနှစ် အစပိုင်း၌ နုတ်ထွက်ခဲ့ပြီးနောက် Draghi က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ 

Draghi မှာ (၈) နှစ်အတွင်း အီတလီကို ဦးဆောင်သည့် (၅) ဦးမြောက် ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သည်။ 

၎င်းသည် အီတလီဝန်ကြီးချုပ် မဖြစ်မီက ဥရောပဗဟိုဘဏ်ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

Source: CNN