ကရင်နီပြည် ကြားကာလပြည်နယ်အစိုးရ ဖွဲ့စည်း

ကရင်နီပြည် ကြားကာလပြည်နယ်အစိုးရ ဖွဲ့စည်း
ဇွန် 12, 2023 | 2021 Military Coup| ကယား

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ၂၀၂၃ခုနှစ် ဇွန်လ(၆)ရက်နေ့က စတင်ဖွဲ့စည်းပြီး ကြားကာလ ပြည်နယ်အစိုးရ တစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားမည်ဟု သိရသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကို ၂၀၂၁ခုနှစ် ဧပြီလ(၉)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ်အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဌများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို မူဝါဒချမှတ်ထားသည်ဟု သိရသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းသွားမည်ဖြစ်ပြီး ပြည်နယ်ရေးရာဌာနအနည်းဆုံး (၁၂)ရပ်ထားရှိမည်ဟု ဆိုသည်။

ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရန်အပြင် လူထုများ၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စာနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်တို့ကို ဖြည့်ဆည်းနိုင်ရန်ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် ကြားကာလအုပ်ချုပ်ရေးကောင်စီအတွင်း CDMများ၊ တတ်သိပညာရှင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ဝိုင်းဝန်းပံ့ပိုးမှုဖြင့် လက်တွဲဖော်ဆောင်သွားရန်လည်း ဖိတ်ခေါ်ထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဌ အဖြစ် ခူးဦးရယ်(KNPP)၊ ဒုဥက္ကဌ အဖြစ် ခွန်းဘီထူး(KNDF)၊ အထွေထွေအတွင်းရေးမှူ အဖြစ် ခူးပလုရယ်၊တွဲဖက်အတွင်းရေးမှူး(၁) အဖြစ် ဇူးပဒုမ္မာ၊ တွဲဖက်အတွင်းရေးမှူး(၂) အဖြစ် ဗညားခွန်အောင်နှင့် ဘဏ္ဌာရေးမှူး အဖြစ် မော်ဖိုးမြာတို့က တာဝန်ယူဆောင်ရွက်ကြမည် ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency