ကယားပြည်နယ် လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံ မီးရထားပြေးဆွဲရန် စီစဉ်နေ

ကယားပြည်နယ် လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံ မီးရထားပြေးဆွဲရန် စီစဉ်နေ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်နှင့် ရှမ်းပြည်နယ် ဖယ်ခုံ မီးရထားပြေးဆွဲရန် စီစဉ်နေ

ကယားပြည်နယ် လွိုင်ကော်မြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့ကို ပြေးဆွဲမည့် မီးရထားခရီးစဉ်ကို ၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖေါ်မည်ဖြစ်ပြီး နိုင်ငံခြားသားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ ခရီးစဉ် ပိုမိုကျယ်ပြန့်စွာ သွားလာလည်ပတ်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မှ မိုးဗြဲ နှင့် ဖယ်ခုံမြို့များသို့ ရေကြောင်းခရီးဖြင့် သွားလာလည်ပတ်နိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မီးရထားခရီးစဉ် ပြေးဆွဲနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

"လွိုင်ကော်မီးရထားက အရှုံးပေါ်လို့ရပ်ထားတာ တစ်နှစ်လောက်ရှိပြီ။ ကျွန်တော်တို့က ဒီနှစ်ထဲမှာ လွိုင်ကော်ကနေ ဖယ်ခုံကိုသွားနိုင်မယ့် ရထားခရီးစဉ်လုပ်နိုင်ဖို့ကြိုးစားနေတယ်။ လွိုင်ကော်ကို လာလည်ရင် လည်စရာနေရာ ပိုလာအောင်လို့ပါ ။ ခုက နိုင်ငံခြားသားတစ်ယောက်လာရင် နှစ်ညအိပ်တယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက အနည်းဆုံး သုံးည၊ လေးည အိပ်စေချင်တယ်။ သူတို့များများအိပ်လေ ကျွန်တော်တို့ပြည်နယ်က ဝင်ငွေတိုးတယ် ဂိုက်တွေရတယ်။ ရေလမ်းကြောင်းနဲ့ လည်ပြီးရင် မီးရထားနဲ့ပြန်။ လွိုင်ကော်တစ်လျှောက် ဖယ်ခုံတစ်လျှောက် တစ်ခါတည်းခံစားလို့ ရအောင်ပေါ့  " 

ဟု ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မီးရထားလမ်းခရီးစဉ်အား လုပ်ဆောင်နိုင်ရန် ပြည်နယ်အစိုးရအား တင်ပြထားပြီး ဖြစ်ကာ ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မီးရထားခရီးစဉ်အား အရှုံးများ၍ ရပ်နားထားခြင်းကြောင့် ဆက်လက် လုပ်ကိုင်မည် မဟုတ်ဘဲ ခရီးစဉ်အား လုပ်ကိုင်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ရှာဖွေဖိတ်ခေါ်၍ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကိုယ်တိုင် အောင်ပန်းဘူတာကြီးကို သွားညှိပြီးပြီ။ တကယ်လို့ ပြန်လုပ်မယ်ဆိုရင် ပြည်ထောင်စု ပို့ဆောင်ရေးဝန်ကြီးဌာနကို တင်ရမယ်ပေါ့။ မြေပြင်မှာ ခုတကယ်လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ တကယ်ရော တွက်ချေကိုက်မှာလား ဆိုတာကို ဆာဗေးဆင်းခိုင်းမယ်။ ကိုက်ရင်တော့ လုပ်ချင်တဲ့ပုံစံကို ပြည်နယ်အစိုးရကနေ တစ်ဆင့် ကျွန်တော်တို့က ပြည်ထောင်စုအစိုးရဆီကို တင်ပြပေးမှာပါ။ ခုပြည်နယ်အစိုးရကို ကျွန်တော်တို့ တင်ပြထားပါပြီ။ ခရီးစဉ်အသစ်တစ်ခု ပေါ်လာမှာပေါ့ ။ ဒီနှစ်ထဲမှာ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ် " 

ဟု ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်သူက ပြောသည်။

ကယားပြည်နယ်အတွင်း လာရောက်လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားများအတွက် လွိုင်ကော် -မိုးဗြဲ-ဖယ်ခုံ လမ်းကြောင်း ခရီးစဉ်အားဖေါ်ဆောင်ထားပြီဖြစ်ပြီး  ခရီးစဉ်သစ်တစ်ခု အနေဖြင့် လွိုင်ကော်-မိုးဗြဲ-ဖယ်ခုံ ခရီးစဉ် ဖေါ်ထုတ်နေခြင်းဖြစ်သည်။

" အဲဒီလိုသာ ရထားပြန်ထွက်ရင် ကောင်းတာပေါ့။ ဖယ်ခုံတို့ မိုးဗြဲတို့မှာ ဒီရထားကိုအမှီပြုပြီး ဘူတာမှာ ခေါင်းရွက် ဈေးရောင်းနေရတဲ့ ဈေးသည်တွေရှိတယ်။ အခုဆို ရထားမရှိတော့ ကားဂိတ်တွေ ရောက်ကုန်တယ်။ အဆင်မပြေကြဘူး။ သူတို့အတွက်လည်း အဆင်ပြေတယ်။ ကျွန်တော်တို့ မြို့အတွက်လည်း ခရီးသွားတိုးတာပေါ့ "

ဟု ဖယ်ခုံမြို့ခံ ဦးကျော်လွင်က ပြောသည်။

လွိုင်ကော် မီးရထားခရီးစဉ်အား ၂၀၁၉ ခုနှစ်မှစ၍ စီးနင်းသူနည်းပါပြီး နှစ်စဉ်အရှုံးပေါ်နေသောကြောင့် ရပ်နားထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~