တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံသို့ သယ်ဆောင်မည့် ဒေါ်လာငွေ(၁၀၀)တန်အတု အရွက်(၃၅၀၀၀) ဖမ်းမိ၍ စရဖ က စစ်ဆေးနေ

တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံသို့ သယ်ဆောင်မည့် ဒေါ်လာငွေ(၁၀၀)တန်အတု အရွက်(၃၅၀၀၀) ဖမ်းမိ၍ စရဖ က စစ်ဆေးနေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံသို့ သွားမည့်ကားအား စစ်ဆေးရာက (၁၀၀)တန် ဒေါ်လာငွေစက္ကူအရက်ပေါင်း (၃၅၀၀၀)ကို စစ်ဆေးတွေ့ရှိ၍ စရဖ(စရတ)က စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့တွင်မှ ကျိုင်းတုံဘက်သို့ လာသည့် ရှမ်းရွှေမြေမော်တော်ယာဉ်လိုင်းအား ရပ်တန့်စစ်ဆေးရာက ဒေါ်လာငွေစက္ကူအတုများကို တွေ့ရှိ ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

မယ်ယန်းဂိတ်တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးစဉ် အသက်(၄၁)နှစ်အရွယ်  အိုက်လျှန်ဆိုသူ မောင်းလာသည့် ရှမ်းရွှေမြေမော်တော်ယာဉ်လိုင်းအား ရပ်တန့်စစ်ဆေးရာ စက္ကူဂျပ်ဖာဖြင့် ထည့်ထားသည့် (၁၀၀)တန် ဒေါ်လာငွေစက္ကူအတု (၁)ထုတ်လျှင် အရွက်(၅၀၀၀)စီ ပါသည့် (၇)ထုပ်ကိုတွေ့ရှိသိမ်းဆည်းရမိရာ စုစုပေါင်း အရွက်ရေ (၃၅,၀၀၀)ရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်လာငွေအတုများနှင့် ဖမ်းမိသည့် ယာဉ်မောင်းအား တာချီလိတ် စရဖ(စရတ) စစ်ဘက် ရေးရာလုံခြုံတပ်ဖွဲ့၊ တပ်စု(၂)က ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေး ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

"ဖမ်းမိတာ ဟုတ်ပါတယ် ဒေါ်လာအတုတွေ မယ်ယန်းမှာ ဖမ်းမိလို့ စရဖ ကတော့ ခေါ်သွားတယ်။"ဟု အမည်မဖော်လိုသည့်   သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၈)ရက်နေ့ ညနေပိုင်းက ပြောသည်။

ဒေါ်လာငွေအတုများနှင့် ပတ်သက်၍လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့က မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ နခွန်ပထုန်ဒေသတွင် အမေရိကန်ဒေါ်လာ (၁၀၀)တန်အတုများ ထုတ်လုပ်သည့် အမျိုးသမီး (၄) ဦးကို  အမေရိကန်ဒေါ်လာ တစ်ရာတန်အတု (၅) သောင်းဖိုးနှင့် ငွေတုထုတ်သည့်စက်များဖြင့် ဖမ်းဆီးရမိထားသည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

ထိုင်းနိုင်ငံတွင်ဖမ်းမိသည့် ဒေါ်လာငွေတုများကို လူမှုကွန်ရက်စာမျက်နှာ facebook မှတစ်ဆင့် ရောင်းချခြင်းဖြစ်ကြောင်း သိရပြီး ထိုင်းရဲတပ်ဖွဲ့က အဆိုပါငွေတုလုပ်ငန်းနှင့် ဆက်စပ်သူများကို ဆက်လက်ဖေါ်ထုတ်နေကြောင်း သိရသည်။

တာချီလိတ်တွင်လည်း ယခုလို ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဆက်စပ်မှု ရှိ မရှိ စစ်ဆေးနေလျက်ရှိသည်ဟု သိရသည်။