မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လျှပ်စစ်ဝန်ကြီးဟောင်း အပါအဝင် (၂)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်

မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လျှပ်စစ်ဝန်ကြီးဟောင်း အပါအဝင် (၂)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်
အောက်တိုဘာ 1, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့နယ်မဲဆန္ဒနယ်များမှ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဦးစိုင်းရှဲန်တစ်လုံ နှင့် ဦးအိုက်ခမ်းလှိုင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က တို့ဖြင့် ထပ်မံအမှုဖွင့်လိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီးဟောင်းဖြစ်သည့်အပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မိုင်းယောင်းမြို့နယ်၏ မဲဆန္ဒနယ်အမှတ်(၂)တွင် အနိုင်ရခဲ့သည့် ဦးစိုင်းရှဲန်တစ်လုံအား မိုင်းယောင်းမြို့နယ်၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က တရားလိုပြုလုပ်ကာ မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၆/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့က အမှုဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၎င်းအပြင် မိုင်းယောင်းမြို့နယ်၏ မဲဆန္ဒနယ်အမှတ်(၁)တွင် အနိုင်ရခဲ့သည့် ဦးစိုင်းခမ်းလှိုင်အား မိုင်းယောင်းမြို့နယ်၏ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က တရားလိုပြုလုပ်ကာ မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ)၁၇/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့က အမှုဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူအများက ထောက်ခံကြိုဆိုပြီး လက်ခံထားကြသည့် CRPH နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ PDF တို့အား ၎င်းတို့(၂)ဦးအနေဖြင့် ဆက်နွယ်ကာ ပြည်သူကို အထိတ်တလန်ဖြစ်ရန် လုပ်ဆောင်သည်ဟု စွပ်စွဲပြီး အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့က ၎င်းတို့(၂)ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့်လည်း စရဖ(စရတ)က အမှုဖွင့်ထားကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကလွဲ၍ အခြားပါတီများမှ အနိုင်ရကိုယ်စားလှယ်များအနေဖြင့် အာဏာသိမ်းသိမ်းစစ်တပ်ကို မထောက်ခံပါက ဖမ်းဆီးခြင်းများ လုပ်ဆောင်သလို ဖမ်းမမိပါကလည်း ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်လှစ်မှု လုပ်ဆောင်နေခြင်း ဖြစ်သည်။

 

ဆက်စပ်သတင်း

ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဟောင်း နှင့် တာချီလိတ်မှ အမတ်တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စရဖ က အမှုဖွင့်