မန္တလေး မဟာအောင်မြေကျောက်ဝိုင်းပေါက်ကွဲမှု အာဏာသိမ်း စကစတပ်ဖွဲ့ဝင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

မန္တလေး မဟာအောင်မြေကျောက်ဝိုင်းပေါက်ကွဲမှု အာဏာသိမ်း စကစတပ်ဖွဲ့ဝင် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
နိုဝင်ဘာ 4, 2021 | အခြားဒေသများ

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၄ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွား၍ ရဲတပ်ကြပ်တစ်ဦးသေဆုံးပြီး  ဒုရဲအုပ်တစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

နံနက် (၆) နာရီဝန်းကျင်က ပေါက်ကွဲခဲ့ခြင်းဖြစ်ရာ အနီးဝန်းကျင်တွင် လူရှင်းနေသည့်အတွက်  ပြည်သူများထိခိုက်မှုမရှိဘဲ လုံခြုံရေးယူထားသည့် အာဏာသိမ်းအဖွဲ့၏ ရဲတပ်ဖွဲ့ဝင် (၂) ဦးသာ ထိခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

မနက်အစောကြီး ပေါက်ကွဲသံ ကြားလိုက်ရတယ်။ စကစဘက်က နှစ်ယောက်ထိပြီး တစ်ယောက်သေတယ်ကြားတယ်

ဟု အနီးပတ်ဝန်းကျင်နေထိုင်သူတစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်မှ ကျောက်ဝိုင်းကိုမဖွင့်လှစ်ရန် GZP ပြောက်ကျားအဖွဲ့က  သတိပေးစာထုတ်ပြန်ထားပြီး အောက်တိုဘာလ (၁၉) ရက်နေ့ကလည်း သတိပေးဖောက်ခွဲမှုပြုလုပ်ထားခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူနှစ်ဦးကို နန်းတွင်းရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ဖေါက်ခွဲမှုကို ဗမာ့ဇာမဏီအဖွဲ့ "မြို့ပြစစ်ဆင်ရေးကော်မတီ"က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။