မုန်းမြို့တွင် လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရ

မုန်းမြို့တွင် လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရ
စက်တင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား(၂)ဦး သေဆုံးကာ (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုက ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်ဖွဲ့ ခမရ(၄၃၉)၊ ခလရ(၆၀)နှင့် ခလရ(၂၀၇)တို့သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ (၁၂)ရက်နေ့အထိ လက်နက်ကြီးဖြင့် (၁၉)ကြိမ်နှင့် လေကြောင်းမှ (၅၃)ကြိမ် တိုက်ခိုက်ခဲ့ရာ အရပ်သား(၂)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် စစ်ကောင်စီတပ်များသည် သစ်ချဆိပ်ရွာ၊ တိုင်ပေါ်ရွာ၊ ဟော်ခိုဂေါရွာ၊ ကရင်မျက်ရဲရွာနှင့် ဗမာမျက်ရဲရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်(၅)လုံး၊ စပါးကျီ(၂)လုံး၊ နွားတဲ(၂)လုံးနှင့် ဆိုင်ကယ်(၄)စီးတို့အား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာများအတွင်း တပ်စွဲထားကြောင်း သိရသည်။ 

ရွှေကျင်မြို့နယ်တွင်လည်း မြို့ပေါ်သို့ ဈေးတက်ဝယ်သည့် ဝိုင်းကျွန်းရွာသားအား စစ်ကောင်စီတပ်၏ ပုဇွန်းမြောင်းဂိတ်တွင် ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့သော်လည်း အရပ်သားထံမှ စားသုံးဆီ (၅)ဖာ၊ ဓါတ်ဆီ (၅)ဂါလံ၊ ဆန် (၁)အိတ်၊ ဆိုင်ကယ် (၁)စီးနှင့် ငွေကျပ်(၃)သောင်းကို သိမ်းယူသွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo :𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻