ချမ်းမြသာစည်မြို့နယ်ရှိ ရသုံးမှန်းခြေငွေစာရင်းရုံး ဗုံးပစ်ခံရ

ချမ်းမြသာစည်မြို့နယ်ရှိ ရသုံးမှန်းခြေငွေစာရင်းရုံး ဗုံးပစ်ခံရ

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ စစ်ကောင်စီ၏ ရသုံးမှန်းခြေငွေစာရင်းရုံးအား ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက No More Dictatorship People Defence Force NMDအဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

(၆၈)လမ်း၊ (၁၀၁)လမ်း(သိပ္ပံလမ်း)နှင့် (၁၀၂)လမ်းကြားရှိ အဆိုပါရသုံးမှန်းခြေငွေစာရင်းရုံးသည် စစ်ကောင်စီ၏ ဘဏ္ဍာရေးယန္တရားလည်ပတ်စေရန် အဓိက အလုပ်လုပ်ပေးနေသောရုံးဖြစ်သဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာတွင် ရုံးအဆောက်အဦး မှန်ပြူတင်းပေါက်အား ထိမှန်ခဲ့ပြီး မှန်ပြတင်းနှင့် ရုံးအရာရှိကားကြားသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ကားပျက်စီးမှုရှိနိုင်ပြီး ရုံးအတွင်းရှိ စစ်ကောင်စီ၏ ဝန်ထမ်းတချို့လည်း ထိခိုက်နိုင်ကြောင်း သိရသည်။

“ပေါက်ကွဲမှုဖြစ်စဉ်ပြီးတဲ့အချိန်မှာတော့ ရုံးရဲ့တစ်ပြပတ်ချာလည်ပေါ့နော်။ ပတ်ချာလည်က ဆိုင်ခန်းတွေ အကုန်လုံးကို ပိတ်ခိုင်းထားတယ်။ အထိအခိုက်စာရင်းကတော့ ကျွန်တော်တို့ လောလောဆယ် အတည်မပြုနိုင်သေးဘူးခင်ဗျ။”ဟု No More Dictatorship People Defence Force NMDအဖွဲ့မှ တာဝန်ခံ ကိုနဂါးကြီးက Tachileik News Agency ကိုပြောသည်။

အဆိုပါတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်ကလည်း မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် လဝကရုံးနှင့် ချမ်းမြသာစည် ရပ်ကွက်ရုံးတို့ကို တပြိုင်တည်း ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း သိရသည်။ 

လဝကရုံး ဗုံးပေါက်ကွဲမှုတွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကာ ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုတွင်လည်း (၂)ဦး ဒဏ်ရာရသည်ဟု သိရသည်။

ပြည်သူများအနေဖြင့်လည်း မြေအောက်တော်လှန်ရေးအဖွဲ့(UG)များ၏ ထုတ်ပြန်ချက်၊ မေတ္တာရပ်ခံချက်များကို ဂရုစိုက်ပေးကြရန်လည်း No More Dictatorship People Defence Force-NMDအဖွဲ့က မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency