တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားများ မြန်မာစာလုံးပါ နံပါတ်ပြားတပ်ဆင်ပါက ဖမ်းဆီးကာ ဒဏ်ငွေရိုက်

တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားများ မြန်မာစာလုံးပါ နံပါတ်ပြားတပ်ဆင်ပါက ဖမ်းဆီးကာ ဒဏ်ငွေရိုက်
နိုဝင်ဘာ 3, 2021 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင် လိုင်စင်မဲ့ကားဖြစ်စေ၊ လိုင်စင်ရှိကားဖြစ်စေ အင်္ဂလိပ်စာလုံးပါ နံပါတ်ပြားမဟုတ်ဘဲ မြန်မာနံပါတ်ပြား တပ်ဆင်ထားပါက ဖမ်းဆီးကာ ဒဏ်ငွေရိုက်မှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များက  ယနေ့ နိုဝင်ဘာလ(၃)ရက်နေ့တွင် ပါလျှံမီးပွိုင့်တွင် စစ်ဆေးပြီး သတ်မှတ်နံပါတ်ပြား မတပ်ဆင်ခြင်းကြောင့်ဟုဆိုကာ ဒဏ်ငွေဆောင်ရန် ဖြတ်ပိုင်းဖြတ်ပေးလိုက်သည်ဟု သိရသည်။

ဖမ်းဆီးပြီး ဒဏ်ငွေရိုက်ခံရသူများက Facebook စာမျက်နှာများပေါ်တွင် ကားမောင်းသူများ ဖမ်းဆီးဒဏ်ငွေရိုက်ခြင်း မခံရရန် ကားများ နံပါတ်ပြောင်းကာ တပ်ဆင်မောင်းနှင်ကြရန် အချင်းချင်း အသိပေးထားကြသည်ကိုလည်း တွေ့ရသည်။

အခုဆို အုပ်စုဖွဲ့လက်နက်အားကိုးနဲ့ကို လုပ်နေတာ ဟိုးအရင်ကဆို သတိပေးတာတွေလုပ်တယ် အခုဆို ဖမ်းမယ် ဖြတ်ပိုင်းဖြတ်မယ်လုပ် ပြီးမှ တရားရုံးဆောင်ခိုင်းပြီး ရုံးမှာဒဏ်ကြေးပါ ထပ်ဆောင်ခိုင်းတယ်။ အဲ့လိုတွေ လုပ်လာတယ်။ တာချီလိတ်မှာ အကုန်က လိုင်စင်မဲ့ကားတွေ၊ ကြုံရာ နံပါတ်ပြားတပ်နေကြတာ။ တကယ်ဖမ်းမယ်ဆိုရင် အကုန်ဖမ်းရလိမ့်မယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ဖမ်းဆီးအရေးယူမှုများ၊ တစ်လမ်းမောင်းသွားလမ်းများနှင့် ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ယခင်က အသိပညာပေးမှုများ၊ ကြိုတင်အသိပေးမှုများ လုပ်ဆောင်သော်လည်း ယခုအခါမှာ ကြိုတင်အသိပေးခြင်းများမပြုလုပ်တော့ဘဲ နေ့စဉ် နီးပါး ဖမ်းဆီးကာ ငွေကြေးတောင်းခံများ လုပ်ဆောင်လာနေကြောင်း သိရသည်။