မိုင်းတုံမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု (၇၅၉) စုအား ကိုဗစ်ထောက်ပံ့ငွေပေး

မိုင်းတုံမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု (၇၅၉) စုအား ကိုဗစ်ထောက်ပံ့ငွေပေး
ဇန်နဝါရီ 26, 2021 | ရှမ်းရှေ့
By သန်းဇော်ဦး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့မှ စာရင်းထပ်တိုးလာသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၇၅၉) စုအတွက် နိုင်ငံတော်၏ ကိုဗစ်ထောက်ပံ့ငွေများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၌ တာဝန်ရှိသူများက ကွင်းဆင်းပေးအပ်သည်။



အရင် ထောက်ပံ့ပေးခဲ့တဲ့အချိန်တွေတုန်းက ကျွန်တော်တို့ အရမ်းခံစားခဲ့ရတယ်။ ငါတို့တွေလည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဖြစ်ပြီး ဘာကြောင့်ချန်ထားခဲ့တာလဲလို့တွေးပြီး စိတ်လည်းမပျော်ဘူး။ ဒီနေ့တော့ ပြောမပြတတ်အောင် ပျော်တယ်ဗျာ။ အခုလို နိုင်ငံတော်အစိုးရက ပြန်ကြည့်ပြီး ထောက်ပံ့ပေးတဲ့ အတွက်ရော၊ လာရောက်ထောက်ပံ့ပေးတဲ့တာဝန်ရှိသူတွေကိုရော ကျေးဇူးတင်ပါတယ်

ဟု ဖာချယ်ကျေးရွာမှ ဦးမျိုးမင်းထိုက်က ပြောသည်။



ကိုဗစ်ထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေအောင်၏ ဦးဆောင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က အုပ်စုများခွဲ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၀) စုမှ ထပ်တိုးစာရင်းရထားသည့် အိမ်ထောင်စုများထံ လက်ရောက်ပေးအပ်ခြင်းဖြစ်သည်။



ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၇၅၉)စုအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။



မိုင်းတုံမြို့နယ်တွင် ထောက်ပံ့ငွေများ ပေးအပ်စဉ်က ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၆၁) စုရှိခဲ့ပြီး နောက်ထပ် အိမ်ထောင်စု (၇၅၉) စု ထပ်တိုးရရှိခဲ့သဖြင့် စုစုပေါင်း အိမ်ထောင်စု (၂၁၂၀) စု ရှိကြောင်း သိရသည်။



Tachileik News Agency

သတင်း - ဝင်းဝင်းခိုင်