ကျောက်မဲမြို့ရှိ အခြေခံပညာကျောင်းများက ကျောင်းမတက်သော်လည်း စာမေးပွဲ အအောင်ပေးမည်ဖြစ်၍ ကျောင်းအပ်စာရင်းပြရန် ကျောင်းသားမိဘများကို စည်းရုံးနေ

ကျောက်မဲမြို့ရှိ အခြေခံပညာကျောင်းများက ကျောင်းမတက်သော်လည်း စာမေးပွဲ အအောင်ပေးမည်ဖြစ်၍ ကျောင်းအပ်စာရင်းပြရန် ကျောင်းသားမိဘများကို စည်းရုံးနေ
နိုဝင်ဘာ 2, 2021 | ပညာရေး| ရှမ်းမြောက်

အာဏာသိမ်းအဖွဲ့က အခြေခံပညာကျောင်းတစ်ချို့တစ်ဝက်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်ခိုင်းထားရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အခြေခံပညာကျောင်းများက ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမတက်သော်လည်း စာမေးပွဲအောင်မည်ဖြစ်၍ ကျောင်းအပ်စာရင်းပြရန် ကျောင်းသားမိဘများကို စည်းရုံးနေကြောင်း သိရသည်။

ဆရာမက ခေါ်တွေ့လို့ သွားတွေ့ရတော့ ကလေးတွေကို ကျောင်းဝတ်စုံ မဝတ်ပေးဘဲ ကျောင်းကိုလာပို့ခိုင်းတယ်။ ကျောင်းအပ်စာရင်းထဲမှာ နာမည်ရှိဖို့က အဓိကပဲဆိုပြီး နှစ်ကုန်တာနဲ့ သူ့ဘာသူ တစ်တန်းအအောင်ပေးသွားမယ်လို့ပြောတယ်။ သဘောတူတယ်ဆို စာရွက်တစ်ရွက်ပေးပြီး လက်မှတ်ထိုးရတယ်။ ကျွန်မကတော့ ကလေးကို ကျောင်းမအပ်လို့ စာရွက်မရတော့ အဲဒီစာရွက်ထဲ ဘာရေးထားတယ် မဖတ်ရဘူး။ ရတဲ့သူတွေကလည်း သူများကိုပေးမဖတ်ဘဲ သူတို့ဘာသူတို့ လက်မှတ်ထိုးပြီး ဆရာမကို ပြန်ပေးရတယ်

ဟု ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂)ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့ပေါ်ရှိ ကျောင်းများအနက် အာဏာသိမ်းတပ်မိသားစုမှ ကလေးအများစုထားရာကျောင်းများတွင် ကျောင်းတက်သူများသော်လည်း အခြားကျောင်းများတွင် ကျောင်းတက်သူနည်းပါးကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ ပြန်ဖွင့်နေသည့် ကျောင်းများတွင်လည်း ကျောင်းသားကျောင်းသူ၊ ဆရာဆရာမများက အရပ်ဝတ်များဖြင့် သွားလာပြီး ကျောင်းဝတ်စုံကို ကျောင်းရောက်မှ လဲလှယ်ဝတ်ဆင်ကြကြောင်း သိရသည်။

COVID 19 ထိန်းချုပ်ရေးအတွက် ယာယီပိတ်ထားရသည့်ကျောင်းများကို အာဏာသိမ်းအဖွဲ့က အာဏာသိမ်းပြီးသည်နှင့် ပြန်ဖွင့်ခဲ့သော်လည်း COVID 19 တတိယလှိုင်းဖြစ်လာ၍ ကျောင်းများပြန်ပိတ်ခဲ့ရပြီးနောက် လက်ရှိတွင် COVID 19 ထိန်းချုပ်နိုင်သည်ဟုဆိုကာ ကျောင်းများပြန်ဖွင့်ရန် လုပ်ဆောင်လာသည်ကို တွေ့ရသည်။

လက်ရှိတွင် နိုင်ငံတဝန်း အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ပြည်သူများနှင့် အာဏာသိမ်းမှုကိုဆန့်ကျင်သူများအား အကြမ်းဖက်နှိမ်နှင်းပြီး အာဏာဆက်လက်ရယူရန်ကြိုးစားနေသည့် အာဏာသိမ်းအဖွဲ့တို့ကြား ပဋိပက္ခများကြောင့်လည်းကောင်း၊ COVID 19 ကာကွယ်ထိန်းချုပ်ရေးမလုပ်နိုင်သည့် အခြေအနေများကြောင့်လည်းကောင်း ကျောင်းသားမိဘများအနေဖြင့် မိမိတို့ကလေးများကို ကျောင်းပို့ရန် ဆန္ဒမရှိသူများရှိနေသည့်အပြင် အာဏာသိမ်းအဖွဲ့လက်အောက်တွင် ကျောင်းမအပ်လိုသူ၊ ကျောင်းမတက်လိုသူများလည်း ရှိနေခြင်းဖြစ်သည်။

စစ်တပ်က ပြည်သူရွေးကောက်သည့်အစိုးရအား ဖမ်းကာ နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလမှစ၍ စစ်တပ်အောက် မနေလိုသည့် တပ်ဘက်၊ အရပ်ဘက်ဌာနအသီးသီးမှ ဝန်ထမ်းများက အာဏာဖီဆန်ရေး CDM လုပ်ဆောင်ကြရာတွင် ပညာရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်လုပ်ဆောင်ထားကြခြင်းဖြစ်သည်။