ရှမ်း/မြောက် ဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ အတွက် ကုလလူသားချင်းစာနာမှု အကူအညီ ဒေါ်လာ တစ်သန်းသုံး စွဲမည်

ရှမ်း/မြောက် ဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ အတွက် ကုလလူသားချင်းစာနာမှု အကူအညီ ဒေါ်လာ တစ်သန်းသုံး စွဲမည်
နိုဝင်ဘာ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း  လတ်တလောပြင်းထန်သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် အမေရိကန်ဒေါ်လာ  (၁)သန်း  သုံးစွဲကူညီသွားမည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီ UNOCHA က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ကတည်းက တိုက်ပွဲများ စတင်နေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့်  တိုးပွားလာသည့် စစ်ရှောင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရန် ကုလသမဂ္ဂ၏ မြန်မာအတွက် လူသားချင်းစာနာမှုရံပုံငွေမှ အမေရိကန်ဒေါ်လာ (၁)သန်း သုံးစွဲမည်ဟု OCHA ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“ ပဋိပက္ခဒဏ်သင့်ပြည်သူတွေကို ဝင်ရောက်ကူညီနိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့အားလုံးက တိုက်ပွဲတွေ ရပ်တန့်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုဖို့ အရေးကြီးပါတယ်။”ဟု OCHA ၏ ထုတ်ပြန်ချက်က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နိုဝင်ဘာလ (၉)ရက်နေ့အထိ OCHA ရရှိသည့်စာရင်းများအရ လူဦးရေ (၅)သောင်းနီးပါးသည် ဘာသာရေး အဆောက်အဦများနှင့် ဆွေမျိုးနီးစပ်များထံ သွားရောက်ခိုလှုံနေရသည့်အပြင် တရုတ်နယ်စပ်မှ ဖြတ်ကျော်နိုင်ရန် ကြိုးစားနေသူအများအပြားရှိနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း (၂၂)မြို့နယ်ရှိသည့်အနက် (၉)မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ရှမ်းမြောက်၏ တစ်ခုတည်းသော လေဆိပ်ဖြစ်သည် လားရှိုးလေဆိပ်ကို အများပြည်သူ အသုံးပြုခွင့်ပိတ်ထားကာ သွားလာရေး လမ်းပိုင်းများပိတ်ဆို့နေသည့်အပြင် နေရာအတော်များများတွင် ဆက်သွယ်ရေးလည်း ပြတ်တောက်နေခြင်းဖြစ်သည်။

ယင်းအပြင် နိုင်ငံ၏အရှေ့တောင်ပိုင်းနှင့် ရင်ပြည်နယ်၊ ပဲခူးတိုင်းတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။