အာဏာသိမ်းအဖွဲ့က မန္တလေးတွင် ဖမ်းထားသည့်  ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များ အပါအဝင် လူငယ် (၆) ဦးအတွက် များစွာစိုးရိမ်နေရကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

အာဏာသိမ်းအဖွဲ့က မန္တလေးတွင် ဖမ်းထားသည့်  ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များ အပါအဝင် လူငယ် (၆) ဦးအတွက် များစွာစိုးရိမ်နေရကြောင်း ဗကသများအဖွဲ့ချုပ် ထုတ်ပြန်
အောက်တိုဘာ 31, 2021 | အခြားဒေသများ

မန္တလေးမြို့တွင် အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားသည့် ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင်များ အပါအဝင် လူငယ် (၆) ဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရ၍ များစွာစိုးရိမ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)က ထုတ်ပြန်ထားသည်။



မန္တလေးမြို့၊  ချမ်းအေးသာစံမြို့နယ်၊ လမ်း ၇၀ ၊ ၃၃ (A) လမ်းရှိ နေအိမ်မှ ည (၁၁) နာရီကျော်ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအင်အား အလုံးအရင်းဖြင့် ဝင်ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပညာရေးမဟာဘွဲ့ရ ဆရာမ ဒေါ်သက်ဆုလှိုင်၊ ဆူးအိုးဆင်း ဆရာ ဦးနိုင်းသီဟကျော်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်၊ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုရန်ပိုင်စိုးအပါအဝင် ခြောက်ဦးဖြစ်ကြောင်းသိရသည်။

 

ဖမ်းဆီးခံထားရသော ကျန်လူငယ်များ၏ အမည်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာစိုးရိမ်ရသည့် အနေအထား ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။