အာဏာသိမ်းအဖွဲ့က ကမာရွတ်မီဒီယာ အယ်ဒီတာ ကိုဟံသာညိန်းကို အီလက်ထရောနစ်ပုဒ်မဖြင့် အမှုထပ်ဖွင့်

အာဏာသိမ်းအဖွဲ့က ကမာရွတ်မီဒီယာ အယ်ဒီတာ ကိုဟံသာညိန်းကို အီလက်ထရောနစ်ပုဒ်မဖြင့် အမှုထပ်ဖွင့်

အာဏာသိမ်းစစ်တပ်က တစ်နှစ်ကျော်ဖမ်းဆီးထားသည့် ကမာရွတ်မီဒီယာ အယ်ဒီတာလည်းဖြစ်သူ ကိုဟံသာညိန်းကို ပြီးခဲ့သည့်တစ်ပတ်က အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်လိုက်ပြီးနောက် ၂၀၂၂ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် အီလက်ထရောနစ်ပုဒ်မ ၃၃ ခ ဖြင့် အမှုထပ်ဖွင့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ (၂၁)ရက်နေ့တွင် အာဏာသိမ်းအဖွဲ့က ကမာရွတ်မီဒီယာ၏ အယ်ဒီတာ ကိုဟံသာညိန်းအား ပုဒ်မ ၅၀၅ က ဖြင့် အမိန့်ချခဲ့ပြီးနောက် အင်းစိန်ထောင် အထူးတရားရုံးတွင် နောက်ထပ်တစ်မှု ထပ်စွဲလိုက်ခြင်းဖြစ်သည်ဟု ကမာရွတ်မီဒီယာ၏ အမှုဆောင်၊ ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်ထံမှ သိရသည်။

အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ်၊ မတ်လ (၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာရုံးခန်းကို ၀င်ရောက်စီးနင်းကာ အမူဆောင်ထုတ်လုပ်ရေးမှူး ကိုနေသန်မောင်နှင့် အယ်ဒီတာ ကိုဟံသာညိန်းကို ဖမ်းဆီးသွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်သည့် ကိုနေသန်မောင်အား ဇွန်လ (၁၄)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကိုဟံသာညိန်းကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်သည်။



စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် လွတ်လပ်သည့် သတင်းဌာနများကို လိုင်စင်ရုပ်သိမ်းခြင်း၊ သတင်းသမားများကို မတရား အမှုဖွင့်၊ ဖမ်းဆီးခြင်းများ လုပ်နေခြင်းဖြစ်သည်။