မိတ္ထီလာအကျဉ်းထောင်မှ ယမန်နေ့က ပြန်လွှတ်သူများအနက် (၁၃)ဦး ပြန် အဖမ်းခံရ

မိတ္ထီလာအကျဉ်းထောင်မှ ယမန်နေ့က ပြန်လွှတ်သူများအနက် (၁၃)ဦး ပြန် အဖမ်းခံရ
အောက်တိုဘာ 19, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ  အကျဉ်းထောင်မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့ ညနေပိုင်းတွင် ပြန်လွှတ်ပေးသူ (၄၃) ဦးအနက် (၁၃) ဦးကို ချက်ချင်း ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မိတ္ထီလာက နောက်ဆက်တွဲ (၂)ဦး ထပ်အဖမ်းခံရတာပါ။ အဲဒီ (၂) ဦးနာမည်ကိုတော့ မသိရသေးပါဘူး။ အမျိုးသမီး (၂) ဦးကို ရဲစခန်းမှာပဲ ထပ်ဖမ်းခံရတယ်ဆိုတာ မျက်မြင်တွေ့ကြတယ်။ ဘယ်သူမှန်း နာမည်မသိကြတာ။ မိတ္ထီလာက စုစုပေါင်း (၁၃) ဦး ပြန်အဖမ်းခံရတာပါ။

ဟု မိတ္ထီလာဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့က လွှတ်ပေးသူများမှ မိတ္ထီလာခရိုင် NLD အတွင်းရေးမှူး ဦးသက်မောင်မောင်၊ တိုင်းဒေသကြီး (၁) ကိုယ်စားလှယ် ဦးလွင်မောင်မောင်၊ NLD မြို့နယ် တွဲဘက် အတွင်းရေးမှူး ကိုစောနန္ဒ၊ ကိုအောင်ကျော်ထက်၊ ကိုပိုင်ဇေစိုး၊ ကိုဝေမျိုးအောင်၊ ကိုသီဟကျော်၊ ကိုနေလင်းအောင်၊ ကိုထွန်းအောင်ကျော်၊ ကိုဇော်ထက်အောင်နှင့် ဒေါ်လေးလေးနိုင်တို့ကို  ထောင်ပေါက်ဝမှာပင် ချက်ချင်းပြည်လည်ဖမ်းဆီးလိုက်ကြပြီး မိသားစုဝင်များဖြင့်ပင် တွေ့ခွင့်မရခဲ့ကြကြောင်း သိရသည်။

ယမန်နေ့က ပြန်လည်ဖမ်းဆီးခံသူများစာရင်းတွင် နည်းပညာတက္ကသိုလ်သမဂ္ဂမှ ကိုအောင်ခန့်မင်းထိန်၊ NLD ခရိုင်လူငယ်ခေါင်းဆောင် မသင်းကြူကြူအောင်၊ အခြေခံပညာရေး CDM လှုပ်ရှားမှုမှ မယဉ်ငြိမ်းအေးတို့လည်း ပါဝင်သွားသည်ဟု သတင်းများထွက်ခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အာဏာသိမ်းအဖွဲ့က အမှုဖွင့်ဖမ်းဆီးခံထားရသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ယင်းကြေညာချက်နှင့်အတူ လွတ်မြောက်လာသူ အချို့မှာ ချက်ချင်းပင် အခြားအမှုဖြင့် ပြန်လည်ဖမ်းဆီးခံရမှုများ ရှိနေခြင်းဖြစ်သည်။