တာချီလိတ်မြို့နယ် အတွင်း အိမ်ထောင်စုပေါင်း (၂၈၅၀)ကို အိမ်တိုင်ရာရောက် ရိက္ခာဝေပေးမည်

တာချီလိတ်မြို့နယ် အတွင်း အိမ်ထောင်စုပေါင်း (၂၈၅၀)ကို အိမ်တိုင်ရာရောက် ရိက္ခာဝေပေးမည်
ဧပြီ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၂၈၅၀)ကို အိမ်တိုင်ရာရောက် ရိက္ခာဝေပေးမည့် အစီအစဉ် ဧပြီလ(၁၀)ရက်နေ့ စမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စားနပ်ရိက္ခာပေးဝေရမည့် အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၅၀) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှစ၍ အလှည့်ကျစနစ်ဖြင့် အိမ်တိုင်ရာရောက် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်ထဲမှာ လူစုလူဝေး မလုပ်ရဘူးဆိုတော့ အကုန်လိုက်ဝေပေးမှာပါ။ အိမ်ထောင်စု နည်းရင် နည်းသလို၊ များရင် များသလို အဖွဲ့ငယ်တွေ ဖွဲ့ထားပြီး လိုက်ဝေပေးမှာပါ။ အဖွဲ့ငယ်တွေမှာ အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာတွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကွက်အလိုက် ရပ်မိရပ်ဖတွေပါတယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေပါတယ်။ အဖွဲ့ငယ်တွေက သူကျတဲ့အပိုင်းလိုက်ကို ကားတွေနဲ့ ပစ္စည်းတင်ပြီး လိုက်ဝေပေးမှာပါ။ မနက်ဖြန်မှာတော့ မဇ္ဇျိမနဲ့အလင်းရောင်အသင်း (၂)သင်းကိုတော့ အကူအညီတောင်းထားတယ်။ အများကြီးလည်း မခေါ်တော့ဘူး။ လူစုလူဝေး မဖြစ်အောင် လူနည်းနည်းနဲ့ ကျဲကျဲ ဆောင်ရွက်ထားပါတယ်

ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုများအား စားနပ် ရိက္ခာပေးဝေခြင်း စတင်သည့် ဧပြီလ (၁၀) ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ဝမ်လုံးကျေးရွာအုပ်စုတို့၌ လိုက်လံဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဧပြီလ (၁၁)ရက်နေ့တွင် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ရှိ ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၃)ခုနှင့် တာချီလိတ်မြို့ပေါ်ရှိ ဆေခမ်းရပ်ကွက်တို့၌ လိုက်လံဝေငှမည်ဖြစ်ကြောင်း သိရသည်။

ကျန်တာတော့ ကုလားပဲက ပြတ်သွားတယ်။ အချိန် (၂,၀၀၀)လောက်ထပ်လိုတော့ ဝယ်ထားပြီးသားက (၅)ရက်နေ့လာက်မှရမယ်လို့ ပြောတယ်။ ဆန်၊ဆီ၊ဆား၊ကြက်သွန်က တစ်မြို့နယ်လုံးစာ ရပြီးသား။ ကုလားပဲရတာနဲ့ ကျန်တဲ့ရပ်ကွက်တွေ၊ ကျေးရွာအုပ်စုတွေ ဝေပေးမယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈)ပြည်၊ ဆီ (၅၀)သား၊ ဆား (၅၀)သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာစီကို ဧပြီလ (၁၀)ရက်နေ့မှစ၍ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~