တာချီလိတ်မြို့တွင် မြေအောက်လျှပ်စစ်မီးကြိုး ခိုးယူသူများကို မီးလင်းရေးအဖွဲ့က စောင့်ဖမ်း 

တာချီလိတ်မြို့တွင် မြေအောက်လျှပ်စစ်မီးကြိုး ခိုးယူသူများကို မီးလင်းရေးအဖွဲ့က စောင့်ဖမ်း 
အောက်တိုဘာ 26, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရီဂျီးနားဂေါက်ကွင်းအတက်လမ်းတွင် မြေအောက်လျှပ်စစ်မီးကြိုးများ ခိုးယူခံရနေမှုများနှင့် ပတ်သက်၍ ခိုးယူသူများကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မီးလင်းရေးရုံးက ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ရီဂျီးနားဂေါက်ကွင်းသွားလမ်းရှိ လမ်းမီးတိုင်များအား မီးလင်းရန်နှင့် မီးကြိုးများဘေးကင်းရေးအတွက် မြေအောက်တွင် မြှုပ်နှံထားပြီး လုပ်ဆောင်ထားရာ ခိုးယူသူများမှာ မီးကြိုးများအား မြေကြီးအတွင်းမှ တူးယူမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မြို့မီးလင်းရေးဝန်ထမ်းများက  စုံစမ်းဖော်ထုတ်ရာ  ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်အချိန်က ပုန်းထွန်ရပ်ကွက်အတွင်း မြို့မသုဿန်ဟောင်းတွင် မီးလင်းရေးမှ ခိုးခံထားရသည့်  မီးကြိုးများအား မီးရှို့ပြီး အခွံနွှာနေသည့် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ကို တွေ့ရှိ  ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်လက်၍ မီးကြိုးများ ခိုးခံရသည့် နေရာများတွင် အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့နှင့်မီးလင်းရေးဝန်းထမ်းများ ကင်းလှည့်စောင့်ဆိုင်းဖမ်းဆီးရာ လျှပ်စစ်မီးကြိုးအား မြေကြီးအတွင်းမှ တူးဖော်ခိုးယူနေသူ အမျိုးသား(၂)ဦးအား ထပ်မံဖမ်းဆီးရမိ၍ ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ နှင့် အိမ်ခြေမဲ့များမှာ မြို့မသုဿန်ဟောင်းအနီးတွင် နေထိုင်ပြီး ခိုးယူရရှိသည့် လျှပ်စစ်မီးကြိုးများကို မီးရှို့ကာ ရရှိလာသည့် မီးကြိုးထဲက ကြေးနန်းကြိုးများကို ကီလို(အဟောင်း)ဆိုင်သို့ ပြန်ရောင်းချကာ မူးယစ်ဆေးဝါးသုံးလေ့ရှိသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ နှင့် အိမ်ခြေမဲ့များမှာ မြို့မသုဿန်ဟောင်းနှင့် မြို့တွင်းလမ်းဘေးများတွင် အများအပြားနေထိုင်ပြီး ၎င်းတို့အား ပြန်လည်ထူထောင်ရေးအတွက် မည်သည့်ဌာနကမှ စီစဉ်နိုင်သေးခြင်း မရှိသေးပေ။

 

#TachileikNewsAgency

Photo: တာချီလိတ်မြို့မီးလင်းရေးရုံ