ကျောက်မဲမြို့မဈေးနှင့် နောင်ပိန်တွင် ဈေးပတ်ရောင်းနေသူ (၂) ဦးတွင် COVID 19 ပိုးတွေ့

ကျောက်မဲမြို့မဈေးနှင့် နောင်ပိန်တွင် ဈေးပတ်ရောင်းနေသူ (၂) ဦးတွင် COVID 19 ပိုးတွေ့
အောက်တိုဘာ 25, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ မြို့မဈေးနှင့် နောင်ပိန်ကျေးရွာတွင် ဈေးပတ်ရောင်းသူ (၂) ဦးတွင် COVID 19 ကူးစက်နေသည်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့၌ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

 တစ်ခြမ်းစီအလှည့်ကျဖွင့်နေသည့်  ကျောက်မဲမြို့မဈေးမှ ဈေးသည် (၂၀၀) ဦးကို ယနေ့ စစ်ဆေးရာ ဈေးသည် (၂) ဦးတွင် ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးသည်နှစ်ဦးမှာ ကျောက်မဲမြို့မဈေးအပြင် နောင်ပိန်ကျေးရွာသို့လည်း ဈေးသွားရောင်းကြသူများဖြစ်သည်ဟု သိရသည်။

အဲဒီဈေးသည် နှစ်ယောက်က နောင်ပိန်ကျေးရွာကို ဈေးပတ်သွားပြီး ရောင်းကြတဲ့သူတွေလည်း ဖြစ်တယ်ဆိုတော့ ထိတွေ့သူ ထပ်ရှိမရှိမသိနိုင်သေးဘူး။ အခုက ကာကွယ်ဆေးထိုးပြီးကြပြီဆိုပြီး တစ်ချို့ဆို ဈေးထဲလာတာတောင် Mask တွေဘာတွေ မတပ်ကြတော့ဘူးဆိုတော့ စိုးရိမ်စရာတော့ဖြစ်တယ်။ မနက်ဖန် မြောက်ဘက်အခြမ်းက ဈေးသည်တွေ ကို စစ်တဲ့အခါ ပိုးတွေ့သူထပ်မရှိဖို့ဘဲ ဆုတောင်းရတော့မယ်

ဟု ဗဟိုဈေးမြောက်ဘက်ခြမ်းတွင် ဆိုင်ဖွင့်ထားသည့် ဈေးသည်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကျောက်မဲတွင် COVID 19 စစ်ဆေးတွေ့ရှိသူ ယခင်ကဲ့သို့ မတွေ့ရသော်လည်း နေအိမ်တွင် နာမကျန်းဖြစ်ပြီး အောက်ဆီဂျင်လိုအပ်သည့်လူနာ များနေသည်ဟု လူမှုကူညီရေးလုပ်ဆောင်ပေးနေသော ပရဟိတအဖွဲ့များထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအထိ စာရင်းဇယားများအရ ကျောက်မဲ မြို့နယ်အတွင်းရှိ ပိုးတွေ့သူ စုစုပေါင်း ( ၁၇၅၂ ) ဦးရှိနေပြီဖြစ်ပြီး ကိုဗစ်ပိုးတွေ့သေဆုံးသူစုစုပေါင်းမှာ ( ၉၇ )ဦးရှိသွားပြီဖြစ်သည်ဟု သိရသည်။