နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA သိမ်းပြီးနောက် မြို့ကိုထိန်းချုပ်ရန် စစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA သိမ်းပြီးနောက် မြို့ကိုထိန်းချုပ်ရန် စစ်ကောင်စီတပ်စခန်း တစ်ခုသာကျန်
ဒီဇင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ နမ့်ဆန်မြို့နှင့် လားရှိုးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း (၄)ခုကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)က (၁၂)နာရီအတွင်း သိမ်းပိုက်လိုက်ပြီးနောက် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း TNLAထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာအထက်က စစ်ကောင်စီတပ်၏ ကဒိုင်းဖူးတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ည(၈)နာရီခွဲတွင် လားရှိုးမြို့အနီးရှိ စစ်ကောင်စီတပ်၏ အီနိုင်းတပ်စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်(၃)နာရီခွဲတွင် နမ့်ဆန်မြို့အတွင်းထိ TNLAတပ်များ ဝင်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ ရဲစခန်း၊ ထွေအုပ်ရုံးအပြင် ပတ္တမြားစေတီ(ကောင်းမှုဆိုင်)တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

"နမ့်ဆန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုပဲ ကျန်တော့တယ်။"ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါတပ်စခန်းများအား သိမ်းပိုက်ရရှိစဉ် စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်က သေနတ်စဖောက်သည့်နေရာ၊ လက်နက်စတင်ပစ်ခတ်သည့်နေရာများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး တန် ပြန်ချေမှုန်းမည်ဟုဆိုသဖြင့် ပြည်သူများအနေဖြင့် လေကြောင်း၊လက်နက်ကြီး အန္တရာယ်ကာကွယ်နိုင်ရန် လုံခြုံစိတ်ချရသော

နေရာများတွင် နေထိုင်ရန် TNLAက သတိပေးထားသည်။

#TachileikNewsAgency