အင်းလေးဒေသ မိုင်းသောက်တွင် လျှပ်စစ်မီး ဖြတ်တောက်ခံထားရ၍ ဒေသခံများ  အခက်အခဲများ ဖြစ်ပေါ်နေ

Photo: Bo Photography
Photo: Bo Photography
အင်းလေးဒေသ မိုင်းသောက်တွင် လျှပ်စစ်မီး ဖြတ်တောက်ခံထားရ၍ ဒေသခံများ  အခက်အခဲများ ဖြစ်ပေါ်နေ
အောက်တိုဘာ 23, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ မိုင်းသောက်တွင် လျှပ်စစ်မီတာခ မပေးဆောင်၍ ဟုဆိုကာ အောက်တိုဘာလ၏ စတုတ္ထပတ်အတွင်းက စ၍ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အတွက် မိုင်းသောက်ဒေသတွင်းနေ ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အင်းထဲဆိုပေမဲ့ ကုန်းပေါ်ရွာလို ဖြစ်နေ‌တော့ ရေတွင်းရေ သုံးရတယ်။ တွင်းရေသုံးတာ အတော်များများက မော်တာနဲ့တင်ကြရတာ၊၊ ချိုးဖို့ရော သုံးဖို့ပါခက်ရော။ ပြီးတော့ ထမင်းဟင်းချက်တာ ခက်ခဲကုန်ကြတယ်။ ဖုန်းအားတွင်းဖို့က အစပေါ့"ဟု မိုင်းသောက်ဒေသခံတစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၃)ရက်နေ့တွင် ပြောသည်။

လျှပ်စစ်မီးရရှိမှာသာ ဒေသခံပြည်သူများမှ ထင်းမီးသွေးသုံးစွဲမှုကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး လျှပ်စစ်မီးမရရှိပါက ထင်းမီးသွေးသုံးပါက တောပြုန်းနှင့် အင်းရေတိမ်ကောမှုအထိ ဖြစ်လာနိုင်မည်ဟု ဆိုသည်။ 

"အင်းလေးကန် မတိမ်ကောဖို့ အဓိက သစ်တောလေနော်။ အဲ့ဒီတော့ မီးသွေးနဲ့ပြန်သုံးရမှာလား။ အင်းထဲ မီးသွေးသုံးရမှာလား။ တောပြုန်းမှာပေါ့၊ အင်းရေလည်း တိမ်ကောမယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။



ညောင်ရွှေမြို့နယ်အတွင်း၌ လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည့် ကျေးရွာပေါင်းမှ (၁၀၀)ကျော်ရှိနေကြောင်းနှင့် Covid-19 တတိယလှိုင်းအခြေအနေများကြောင့် စားဝတ်နေရေးအခက်အခဲ  ဖြေရှင်းနိုင်ရေးအတွက်ကိုသာ အဓိကထား လုပ်ဆောင်နေရ၍  လျှပ်စစ်မီတာခ ပေးဆောင်ရန်မှာ အခက်အခဲများဖြစ်နေကြောင်း သိရသည်။

မိုင်းသောက်တွင် မီတာခဆောင်သည့် ကျေးရွာငယ် (၃)ရွာသာ လျှပ်စစ်မီးလာပြီး မီတာခမဆောင်နိုင်သည့် ကျေးရွာအများအပြားမှာ လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီး လျှပ်စစ်မီး ပြန်လည်ရရှိလိုပါက ကျပ်(၂၅)သိန်းပေးရမည်ဟုလည်း ပြောဆိုကြောင်း ဒေသခံများက ဆိုသည်။