ဖက်ဒရယ်ဒီမိုကရေစီ လိုလားသည့် အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေတစ်ရပ် တည်ဆောက်ရမည်ဟု SSPP က သဘောထားထုတ်ပြန်

Photo: SSPP
Photo: SSPP
ဖက်ဒရယ်ဒီမိုကရေစီ လိုလားသည့် အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေတစ်ရပ် တည်ဆောက်ရမည်ဟု SSPP က သဘောထားထုတ်ပြန်
ဖေဖော်ဝါရီ 26, 2022 | နိုင်ငံရေး| ရှမ်းတောင်

ဖက်ဒရယ်ဒီမိုကရေစီ လိုလားသည့် အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေတစ်ရပ် တည်ဆောက်ရမည်ဟု SSPP က သဘောထားထုတ်ပြန်

* * * *  *

ပြည်တွင်းစည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုအပ်လာပြီဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေတစ်ရပ် တည်ဆောက်ရမည်ဟု ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP က  ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်လာသည်။

SSPP ၏ ထုတ်ပြန်ချက်

ဗိုလ်ချုပ်ကြီးဆေထင် အပါအဝင် စုစုပေါင်း (၃၈) ဦးတက်ရောက်သည့် SSPP ၏ ၂၀၂၁ ခုနှစ် တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့အထိ ကျင်းပပြီးနောက်  အစည်းအဝေးဖြင့် အချက် (၅) ချက်ပါသည့် သဘောထားကြေညာချက်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

SSPP ၏ သဘောထား ထုတ်ပြန်ချက်တွင် တိုင်းရင်းသားများ၏ ဘုံရည်မှန်းချက်ဖြစ်သည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းကသာ လက်ရှိ နိုင်ငံတွင်းဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး အဆိုပါပန်းတိုင်အတွက် SSPP အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ လိုလားသော မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဖေါ်ပြထားသည်။

အဆိုပါ ရည်မှန်းချက်အတွက် ဖက်ဒရယ်ဒီမိုကရေစီလိုလားသော အင်အားစုများ စုစည်းကာ စည်းလုံးညီညွတ်သော အခြေအနေတစ်ရပ် ကြိုးပမ်းတည်ဆောက်ရမည်ဟု ဆိုထားသည်။



ယင်းအပြင် SSPP အနေဖြင့် မူးယစ်ဆေးပပျောက်ရေးနှင့် လူထုအကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုး၍ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။