ရှမ်းပြည်နယ်အတွင်းက ဟိုတယ်နှင့်တည်းခိုရိပ်သာများ နေ့စဉ် ဧည့်စာရင်းတိုင်ရန် ထပ်မံ ညွှန်ကြား

ရှမ်းပြည်နယ်အတွင်းက ဟိုတယ်နှင့်တည်းခိုရိပ်သာများ နေ့စဉ် ဧည့်စာရင်းတိုင်ရန် ထပ်မံ ညွှန်ကြား

ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်/တည်းခိုရိပ်သာများတွင် နေ့စဉ်လာရောက် တည်းခိုသည့် ဧည့်သည်စာရင်းများကို ညစဉ် ည(၆)နာရီခွဲ နောက်ဆုံးထားကာ သက်ဆိုင်ရာဌာနများသို့ ဧည့်စာရင်း စာရွက်ပေးပို့ရန် ၂၀၂၁ခုနှစ် မေလ(၄)ရက်နေ့ ရက်စွဲဖြင့် ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။

''ဧည့်စာရင်းကတော့ အရင်ကတည်းက ပုံမှန်တိုင်နေရတာပဲ၊ အခု က ဘာလို့ထပ်ညွှန်လဲတော့မသိဘူး။ စစ်ကောင်စီမို့ စာထပ်ထုတ်တာလားတော့မသိဘူး။ ဟိုတယ်ဧည့်စာရင်းက ရဲ၊ စစစ၊ စရဖ၊ ထွေအုပ်၊ လဝက ရပ်ကွက် ဌာန(၁၂)ခုလောက် ပေးရတာ။ ဧည့်စာရင်းကြေး ပိုက်ဆံတော့မပေးရဘူး။ ဟိုတယ်မှာလာတည်းခိုတဲ့ စာရင်းတွေကို ဧည့်စာရင်းအနေနဲ့ဆိုရင် မြို့မှာရှိတဲ့ ဌာနတွေကိုလည်း ပို့ရသလို အွန်လိုင်းကနေလည်း ပို့ပေးရတယ်။"ဟု ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်တာဝန်ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Covid-19 စတင်သည့် ၂၀၂၀ခုနှစ် ကတည်းက ဟိုတယ်အလုံးစုံ ဖွင့်လှစ်နိုင်မှုများမရှိသော်လည်း ဖွင့်လှစ်သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် မည်သူ မည်ဝါ လာရောက်တည်းခိုသည်ကို သိရှိနိုင်ရန် မဖြစ်မနေ ဧည့်စရင်းပေးပို့ရခြင်း ဖြစ်ကြောင်း သိရသည်။

"ဟိုတယ်မှာ ဘယ်သူတွေတည်းလဲဆိုတာကို ဟိုတယ်ကပို့တဲ့ ဧည့်စာရင်းကနေ သိနိုင်တယ်။ အခုလို အာဏာသိမ်းခံထားရတဲ့ ကာလမှာဆိုရင် ဘယ်ဟိုတယ်မှာ သွားတည်းတည်း ညနေဆို အမည်စာရင်းပို့ရတော့ သိရတာပဲ။ တိမ်းရှောင်သူတွေ ဟိုတယ်မှာ သွားတည်းပြီး ဖမ်းခံရတယ်ဆိုတာလည်း ဒီလိုမျိုး ဧည့်စာရင်းကနေ အခြေခံတာလည်း ပါတာပေါ့၊ အဲ့တော့ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူတွေအနေနဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာတွေမှာ တည်းမယ်ဆိုရင်တော့ သတိထားဖို့တော့လိုတယ်၊ တစ်ခုခုဖြစ်ရင် ကျွန်မတို့အနေနဲ့လည်း အထင်လွဲခံရတာမျိုးဆိုမကောင်းဘူး။"ဟု ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဧည့်စာရင်းတိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းမှ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ ရှမ်းတောင်ဇုန်၊ ရှမ်းမြောက်ဇုန် နှင့် ရွှေတြိဂံဇုန်များသို့ ဖြန့်ဝေထားကြောင်း သိရသည်။