တာလေမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၃၃)ဦးထပ်တွေ့သလို ကျေးရွာတစ်ရွာကိုလည်း Lockdown ချထား

တာလေမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၃၃)ဦးထပ်တွေ့သလို ကျေးရွာတစ်ရွာကိုလည်း Lockdown ချထား
အောက်တိုဘာ 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် အောက်တိုဘာလ(၂၂)ရက်နေ့က Covid-19 ပိုးကူးစက်ခံထားရသူ (၃၃)ဦး ထပ်တိုးသလို ကျေးရွာတစ်ရွာကိုလည်း Lockdown ချထားလိုက်ရကြောင်း သိရသည်။

အောက်တိုဘာလ(၂၂)ရက်နေ့က တစ်နေ့တာ စစ်ဆေးမှုအတွင်း နားယောင်းကျေးရွာအုပ်စု ဟွေခိုက်ကျေးရွာတွင် Covid-19 ကူးစက်ခံထားရသူ (၂၂)ဦး နှင့် တာကြန့်ကျေးရွာတွင် (၁၁)ဦး တွေ့ရှိထားသည့်အတွက် ဟွေခိုက်ကျေးရွာကို Lockdown ချလိုက်ကြောင်း သိရသည်။

တာလေမြို့တွင် ရပ်ကွက်များအနေဖြင့် ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)၊ ကျေးရွာများအနေဖြင့်  ဝမ်ဝိန်း၊ ရန်ကင်း(၁) နှင့် တာကြန့်ကျေးရွာအပြင် ဟွေခိုက်ကျေးရွာတို့ကို Lockdown သတ်မှတ်ထားရာ ရန်ကင်း(၁)ကျေးရွာအား ယခုအခါမှာ Lockdown ကနေ ပယ်ဖျက်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တာလေမြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၄၁၅)ဦးအထိရှိနေပြီး ယနေ့ အောက်တိုဘာလ(၂၃)ရက်နေ့တွင် တာလေမြို့  မိုင်းလင်းအနောက်ကျေးရွာအုပ်စု မှ Covid-19 ကူးစက်ခံထားရသူ တစ်ဦးသည် တာချီလိတ်တွင် သေဆုံးသည့်အတွက် တာလေမြို့အနေဖြင့် သေဆုံးသူ စုစုပေါင်း (၈)ဦးအထိ ရှိနေကြောင်း သိရသည်။