တာချီလိတ်တွင် ရေများကျသွားသည့် (၇)ရက်မြောက်ဖြစ်သော်လည်း ကိုယ်ထူကိုယ်ထရှင်းရသည့် ရပ်ကွက်အချို့  နုန်းနှင့်အမှိုက်များ ရှင်းရန် အခက်အခဲဖြစ်နေ

မယ်ခေါင်ရပ်ကွက်အတွင်း
မယ်ခေါင်ရပ်ကွက်အတွင်း
တာချီလိတ်တွင် ရေများကျသွားသည့် (၇)ရက်မြောက်ဖြစ်သော်လည်း ကိုယ်ထူကိုယ်ထရှင်းရသည့် ရပ်ကွက်အချို့  နုန်းနှင့်အမှိုက်များ ရှင်းရန် အခက်အခဲဖြစ်နေ
သြဂုတ် 20, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဆယ်စုနှစ်များအတွင်း စံချိန်တင်ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် နုန်းများ၊ အမှိုက်များတင်ကျန်နေခဲ့သည့်နေရာအချို့မှာ ကိုယ်ထူကိုယ်ထရှင်းလင်းရာတွင် နုန်းနှင့်အမှိုက်များကို ရှင်းရန် ရေများကျသွားပြီး (၇)ရက်မြောက်သည်အထိ ခက်ခဲနေကြောင်း သိရသည်။

အချို့နေရာများ၌ မြောင်းများတွင် အမှိုက်များပိတ်နေပြီး ရှင်းလင်းနိုင်ခြင်းမရှိသေး၍ ရေမကျနိုင်သေးဘဲဖြစ်နေကြောင်း သိရသည်။

မယ်ခေါင်ရပ်ကွက်အတွင်း

"နွားခြံနားက မြောင်းကပိတ်နေတာဆို အတော်ဆိုးတယ်။ နွားခြံဘေးနား လနှစ်လုံးတိုက်အနီနားက မြောင်းလေ။ ရေက ကျချင်နေတာ နုန်းတွေရော အမှိုက်တွေရော ပိတ်နေတော့ မကျနိုင်သေးဘူး။ အဲဒီနား တစ်ယောက်၊နှစ်ယောက်အားနဲ့ ရှင်းနေကြတာလည်း မနိုင်ကြဘူး။ ဒီကြားထဲ လူတွေက သိသိကြီးနဲ့ကို အဲ့ဒီနေရာနား အမှိုက်လာပစ်ကြသေးတယ်။ "ဟု မယ်ခေါင်ရပ်ကွက်တွင်းနေသည့် ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်တွင် နှစ်စဉ် အနိမ့်ပိုင်းများတွင်သာ ရေကြီးနေရာမှ ယခုနှစ်တွင် ဆယ်စုနှစ်များအတွင်း အဆိုးဆုံးစံချိန်တင်ရေကြီးခဲ့ခြင်းဖြစ်ရာ ရေကြီးနစ်မြုပ်ခဲ့ရာနေရာများတွင် နုန်းများ၊ အမှိုက်များ တင်ကျန်နေခဲ့ခြင်းဖြစ်သည်။

ရေကျသွားချိန်တွင် အဓိကလမ်းမကြီးနေရာများ၊ ဈေးများစသည်တို့တွင် စည်ပင်အပါအဝင် လူအင်အားအများအပြားဖြင့် ရှင်းလင်းခဲ့ကြသော်လည်း ရပ်ကွက်အချို့မှာ လူအင်အားအနည်းငယ်ဖြင့် ကိုယ်ထူကိုယ်ထ ရှင်းရန် ခက်ခဲနေပြီး အမှိုက်၊ နုန်းသယ်ရန် ကားငှားခ ကုန်ကျမှု များ၍ ကားမခေါ်နိုင်ဘဲဖြစ်နေကြောင်း သိရသည်။

"အမှိုက်တွေ နုန်းတွေသယ်ဖို့ စည်ပင်ခေါ်ရင် ပိုက်ဆံပေးရတယ်ပြောတယ်။ အဲလိုကြားတာနဲ့ မခေါ်ဖြစ်ဘူး။ ကိုယ်လည်း ပိုက်ဆံမပေးနိုင်ဘူးလေ။ ဒီလိုပဲရှင်းနေတာ သူတို့လည်း မြင်နေတာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ်တွင် ယခုနှစ်ရေကြီးနစ်မြုပ်မှုအတွင်း ဈေးဆိုင်ခန်းများ၊ နေအိမ်များအတွင်း ရေဝင်နစ်မြုပ်မှု များသဖြင့် ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့သည်။

 

တာလော့ဈေးအတွင်း

တာချီလိတ်မြို့ တာလော့ရပ်ကွက်အတွင်း SK ဆိုင် လမ်းကြားတဝိုက်တွင်လည်း ယနေ့ ဩဂုတ်လ(၂၀)ရက်နေ့ထိတိုင် စေတနာရှင်များအား လုပ်အားအကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

"အခုက အနံ့တွေပါ အရမ်းနံနေတယ်။ လူနဲ့သယ်ဆိုရင် အလုပ်သမားတွေ သယ်ပေးမဲ့သူမရှိဘူး။ အရမ်းလေးတာ။ စည်ပင်ကတော့ သူနဲ့မဆိုင်ဘူး။ ဒါက သဘာဝဘေးလို့ ပြောတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း တလောက တခါတော့ လာကြည့်သွားပြီး ပျောက်သွားတယ်။ အရင်တုန်းက ရေကြီးတော့ ကျန်ခဲ့တဲ့ ရွှံ့တွေက နည်းတယ်။ ခုက အရမ်းများတော့ လုပ်လို့မနိုင်တော့လို့ လူမှုရေးအသင်းအဖွဲ့တွေ ပါဝင်ကူညီပေးရင် ကောင်းမှာပဲ" ဟု တာလော့ဈေးအတွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ဩဂုတ်လ(၂၀)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ (၂)ရက်ဆက်တိုက် ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ဩဂုတ်လ(၁၄)ရက်နေ့တွင် ရေများကျသွားသော်လည်း ဆိုးရွားစွာ ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် ရွှံ့ နွံနုန်းများကို ရှင်းလင်းရာတွင် ယခင်က မိမိအစီအစဉ်များဖြင့် လုပ်ဆောင်ရာတွင် အဆင်ပြေသော်လည်း ယခုအခါမှာ အဆမတန်ဖြစ်ပေါ်သည့်အတွက် စေတနာလုပ်အားပြုလုပ်လိုသူများ၏ အကူအညီများကို လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - မယ်ခေါင်ရပ်ကွက်အတွင်းက ပုံနှင့် တာလော့ဈေးအတွင်းက ပုံများဖြစ်သည်။

#TachileikNewsAgency