ပြည်သူ (၇၀၀)ကျော်ကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်များက တာဝန်ယူ၊ တာဝန်ခံရမည် 

ပြည်သူ (၇၀၀)ကျော်ကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်များက တာဝန်ယူ၊ တာဝန်ခံရမည် 
ဧပြီ 26, 2021 | နိုင်ငံရေး

 ❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် စတင်ကျင်းပနေပြီး ဧပြီလ(၂၇)ရက်နေ့အထိ (၂)ရက်တိတိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

❖ အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တရားဝင်ဖွဲ့စည်းနိုင်ခဲ့ခြင်းကို  PPST အနေဖြင့် နှစ်ထောင်းအားရကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်ကို ကြိုဆိုပြီး တိကျမြန်ဆန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ အာဆီယံကို မေတ္တာရပ်ခံကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ (၇၀၀)ကျော် ကျဆုံးသည့်အပေါ် စစ်ကောင်စီခေါင်းဆောင်များက တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

❖ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO)တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ပါဝင်ကြောင်း သိရသည်။