တန့်ဆည်မြို့နယ်အတွင်း အင်အားဖြည့်မည့် အာဏာသိမ်းအဖွဲ့၏ ယာဉ်တန်း လမ်းတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

တန့်ဆည်မြို့နယ်အတွင်း အင်အားဖြည့်မည့် အာဏာသိမ်းအဖွဲ့၏ ယာဉ်တန်း လမ်းတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
အောက်တိုဘာ 20, 2021 | အခြားဒေသများ

 စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာသို့ အင်အားဖြည့်ရန်လာသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်လိုက်ပါလာသည့် ယာဉ်တန်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ ညပိုင်းက လမ်းတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု သိရသည်။

ရေဦးမှ တန့်ဆည်မြို့နယ်ဘက်သို့ ထွက်လာသည့် ကားကြီး (၂) စီးနှင့် ကားလေး (၃) စီးပါဝင်သောယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ်  Local PDF ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။



အဆိုပါယာဉ်တန်းအား ည (၈) နာရီကျော်တွင် တန့်ဆည်နှင့် တနယ်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားလေး (၂) စီး ပျက်စီးသွားပြီး ကျန် (၃) စီးမှာ တန့်ဆည်မြို့နယ်အတွင်း ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တန်းမှ ကားကြီး (၁)စီးနှင့် ကားလေး (၁)စီးမှာ ည (၁၁)နာရီ (၄၅) မိနစ်ဝန်းကျင်တွင် ကံထူးမစခန်းအသွားလမ်း၌ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကားလေး (၁) စီး ထိခိုက်ပျက်စီးသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း ထိခိုက်သေဆုံးမှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

တန့်ဆည်မြို့နယ်အတွင်းမှ အများပြည်သူအနေဖြင့် မဖြစ်မနေမှသာ ခရီးသွားလာကြရန်၊ မော်တော်ယာဉ်များအား မှန်ချ၍ မောင်းနှင်ကြရန်၊ ကုန်ကားများအနေဖြင့် မြင်သာအောင် တင်ဆောင်ကြရန်နှင့် ညနေ (၆) နာရီမှ နံနက် (၆) နာရီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo: Taze(PDF)