မြဝတီမြို့ရှိ အမှတ်(၂)တံတားအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်၊ ဒေသခံများ ထိုင်းဘက်ထွက်ပြေးရ

မြဝတီမြို့ရှိ အမှတ်(၂)တံတားအနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်၊ ဒေသခံများ ထိုင်းဘက်ထွက်ပြေးရ

ကရင်ပြည်နယ် မြဝတီမြို့ရှိ အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးသို့ ထွက်‌ပြေးလာသည့် စစ်ကောင်စီတပ်များ လက်နက်မချသဖြင့် တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် ဧပြီလ (၁၉)ရက်နေ့ ညပိုင်းက စတင်ဝင်ရောက် တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်သဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ပစ်ခတ်နေပြီး ဒေသခံများစွာလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သောင်ရင်းမြစ်ကိုကူးကာ ထွက်ပြေးရသဖြင့် ထိုင်းစစ်တပ်က ကူညီပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

"တော်တော်များများ သောင်ရင်းမြစ်ဖြတ်ကူး ပြေးရတာ။ လေကြောင်းကနေ ပစ်နေတာအခုထိပဲ။"ဟု တိမ်းရှောင်ရသည့် ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။



 

တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ငယ်ကျည်တချို့  ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းသို့ ကျရောက်ခြင်းရှိခဲ့သည်ဟု သိရသည်။

မြဝတီမြို့ပြင်ရှိ စစ်ကောင်စီတပ် ခလရ(၂၇၅)တပ်ရင်းကို ပြီးခဲ့သည့် ရက်ပိုင်းက တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား အင်အား (၁၅၀)ဝန်းကျင်သည် အမှတ်(၂)တံတားသို့ ထွက်ပြေးရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းစစ်တပ်ကကလည်း မဲဆောက်နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: วันนี้ที่แม่สอด อ.แม่สอด