ရွှေဖီမြေသတင်းဌာန၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း အပါအဝင် လားရှိုးရဲစခန်းတွင် ထိန်းသိမ်းခံရသူနှစ်ဦး COVID 19 ကူးစက်ခံရ

ရွှေဖီမြေသတင်းဌာန၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း အပါအဝင် လားရှိုးရဲစခန်းတွင် ထိန်းသိမ်းခံရသူနှစ်ဦး COVID 19 ကူးစက်ခံရ
အောက်တိုဘာ 19, 2021 | Covid-19| ရှမ်းမြောက်

ရွှေဖီမြေသတင်းဌာန၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း  အပါအဝင် လားရှိုးရဲစခန်းတွင် ထိန်းသိမ်းခံရသူနှစ်ဦး  COVID 19 ကူးစက်ခံရ

* * * *  *

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားသည့် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်းအပါအဝင် (၂) ဦးမှာ COVID 19 ကူးစက်ခံထားရကြောင်း သိရသည်။

လွေးအမ်ဖောင်းနှင့် တအာင်းလူငယ် မိုင်းအောင်သန့်ဦးတို့တွင် COVID 19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရသဖြင့် လက်ရှိတွင် အဆောင်သီးခြားစီ ထားရှိပြီး လိုအပ်သည့် ဆေးဝါးများကို မိသားစုများက ပေးပို့ထားသည်ဟု သိရသည်။

ရွှေဖီမြေသတင်းဌာန၏ ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်းကို အာဏာသိမ်းအဖွဲ့က စက်တင်ဘာလ (၂၆) ရက်နေ့ နံနက်အစောပိုင်းတွင် နေအိမ်ခြံဝန်းကျော်၍ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြပြီး အမှတ် (၁) ရဲစခန်း၌ ထိန်းသိမ်းထားကာ လာမည့် အောက်တိုဘာလ (၂၈) ရက်နေ့၌ အမှုတွဲတင်မည်ဟု သိရသည်။

အလားတူ COVID 19 ကူးစက်ခံထားရသည့် မိုင်းအောင်သန့်ဦးမှာလည်း အမှုတွဲမတင်ရသေးကြောင်း သိရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်တွင် အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် တအာင်းလူငယ် (၁၀) ဦးမှာ လွတ်မြောက်လာသူများတွင် ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က ထိန်းသိမ်းထားသူများမှအချို့ကို လွှတ်ပေးမည်ဟု အောက်တိုဘာလ (၁၈) ရက်နေ့က ကြေညာပြီး လွှတ်ပေးနေရာ အောက်တိုဘာလ (၁၉) ရက်နေ့အထိ ပြန်လွှတ်လာသူများတွင် သတင်းသမား (၁၅) ဦးပါလာသော်လည်း လွေးအမ်ဖောင်းအပါအဝင် ရှမ်းပြည်နယ်တွင်း ထိန်းသိမ်းခံနေရဆဲ သတင်းသမားများ ကျန်ရှိနေဆဲ ဖြစ်သည်။

 

အာဏာသိမ်းအဖွဲ့က အမှုဖွင့်ဖမ်းဆီးခံထားရသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာပြီး လွှတ်ပေးနေခြင်းဖြစ်သော်လည်း အကျဉ်းထောင်၊ အချုပ်ထောင်များတွင် အာဏာသိမ်းအဖွဲ့က နိုင်ငံရေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းထားသူ အများအပြား ကျန်ရှိနေဆဲဖြစ်သည်။

ဆက်စပ်သတင်း

အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်းကို ဖမ်းဆီး