တာချီလိတ်သို့ ရန်ကုန် နှင့် ရခိုင်ပြည်နယ်မှ ကားနှင့်လေယာဉ်များဖြင့် လာသူအားလုံး Facility Quarantine ဝင်ရမည်

တာချီလိတ်သို့ ရန်ကုန် နှင့် ရခိုင်ပြည်နယ်မှ ကားနှင့်လေယာဉ်များဖြင့် လာသူအားလုံး Facility Quarantine ဝင်ရမည်
စက်တင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်သို့ ရန်ကုန် နှင့် ရခိုင်ပြည်နယ်မှ ကားနှင့်လေယာဉ်များဖြင့် လာသူအားလုံး  Facility Quarantine ဝင်ရမည်
ရှမ်းပြည်နယ်အတွင်း ပြည်ပမှဝင်လာသူများ၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်း (၇)မြို့နယ်မှ လာရောက်သူများကို Facility Quarantine  ဝင်ရန်သတ်မှတ်ထားသော်လည်း ရန်ကုန်မှမြို့နယ်များ ခွဲခြားစိစစ်ရန် ခက်ခဲသဖြင့် ရန်ကုန်မှ လာသူအားလုံးကို တာချီလိတ်တွင် Facility Quarantine ဝင်ရမည် ဖြစ်သည်။ 
“စာထွက်မှာကတော့ ရန်ကုန်က (၇) မြို့နယ်၊ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးပေါ့။ ကျွန်တော်တို့အောက်ခြေမှာကျတော့ စိစစ်ပြီဆိုရင် မင်္ဂလာဒုံကလာပြီး စမ်းချောင်းကလာပါတယ်ပြောရင် ကျွန်တော်တို့နောက်ကြောင်းပြန်မလိုက်နိုင်ဘူး။ အဲ့ဒါကြောင့် ရန်ကုန်ကလာတဲ့သူတွေအကုန်လုံး Facility Quarantine  ထားရှိသွားမှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းသို့ ရန်ကုန်နှင့် ရခိုင်မှလာရောက်သူများသက်ဆိုင်ရာသို့ အသိပေးကြရန်နှင့် မိမိဝန်းကျင်တွင် တွေ့ရပါကလည်း အကြောင်းကြားပေးကြရန် တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့၌ ကြေညာထားသည်။
"တကယ်လို့ ဂိတ်တွေမှာ အစစ်မခံဘဲ ကျော်သွားတဲ့သူတွေပေါ့နော်။ အဲလိုလူတွေရပ်ကွက်ထဲမှာရှိတယ်ဆိုရင် နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဖြစ်ဖြစ်၊ ကျွန်တော်တို့ဖြစ်ဖြစ် သတင်းပေးပို့စေချင်တယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခင်က တာချီလိတ်မြို့နယ်အတွင်း ပြည်ပမှ ဝင်လာသူများကိုသာ မိမိစရိတ်ဖြင့် Quarantine ဝင်စေရာမှ စက်တင်ဘာလ (၄)ရက်နေ့မှစ၍ လေကြောင်းလိုင်းဖြင့် ဖြစ်စေ၊ မော်တော်ယာဉ်ဖြင့် ဖြစ်စေ  ရခိုင်နှင့် ရန်ကုန်မှ ဝင်လာသူများ အားလုံး သတ်မှတ်ထားသည့်နေရာတွင် မိမိစရိတ်ဖြင့် Quarantine ဝင်ပြီး COVID 19 ပိုးစစ်ရမည် ဖြစ်ကြောင်းသိရသည်။
"အရင်ကတော့ ခရီးသွားရာဇဝင်တွေ ဖြည့်ခိုင်းတဲ့စာရင်းပို့ရတယ်။ ဒီနေ့ညနေကစပြီး ယာဉ်လိုင်းတွေ ဝင်လာပြီဆိုတာနဲ့ ဘယ်ကလာတဲ့ ခရီးသွားတွေလဲဆိုတာ လာစစ်မယ်လို့ပြောတယ်"ဟု ရန်ကုန် - တာချီလိတ်ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း ပြည်ပ၊ ရခိုင်နှင့် ရန်ကုန်မှ လာသူများကို ရပ်ကွက်များရှိ Quarantine Center၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ isolation ward နှင့် မိုးကုတ်ဝိပဿနာတရားရိပ်သာ Facility Quarantine Centerတို့၌ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~