စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်မည်၊ သိမ်းထားသည့်မြို့များတွင် စီမံအုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်မည်ဟု TNLAထုတ်ပြန်

စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေး တိုက်ပွဲဝင်မည်၊ သိမ်းထားသည့်မြို့များတွင် စီမံအုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော်မည်ဟု TNLAထုတ်ပြန်
ဇန်နဝါရီ 11, 2024 | 2021 Military Coup| ရှမ်းမြောက်

စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း တော်လှန်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် (၆၁)နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးတော်လှန်ရေးနေ့အတွက် ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ဖော်ပြထားသည်။

TNLA အနေဖြင့် တအာင်းပြည်သူများကို အစဉ်အမြဲအလေးထား ကာကွယ်စောင့်ရှောက်ရင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို အတူတကွတည်ဆောက်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ လက်တွဲကာ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်မရောက်မချင်း တော်လှန်တိုက်ပွဲဝင်နေမည်ဟု ဆိုသည်။

လက်ရှိတွင် တအာင်းဒေသများဖြစ်သည့် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့များအပါအဝင် ကျောက်မဲ၊ သီပေါ အနောက်ခြမ်းနှင့် လားရှိုး အရှေ့၊ အနောက်ခြမ်းရှိ တအာင်းဒေသများကို သိမ်းပိုက်၍ စစ်ကောင်စီတပ်များအား တိုက်ထုတ်ထားနိုင်ပြီဟု ဆိုသည်။

ထို့အပြင် အခြားမြို့နယ် ဒေသများတွင် ကျန်ရှိနေသေးသော အဖိနှိပ်ခံ တအာင်းလူမျိုးတို့၏ ဘဝလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထိန်းသိမ်းရရှိထားသည့် မြို့ရွာတချို့ကို အေးချမ်းသာယာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကောင်းမွန်တိုးတက်လာစေရန် စီမံအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။



‌"ဒေသခံတိုင်းရင်းသား လူမျိုးမခွဲခြားဘဲ မှန်ကန်မျှတတဲ့ တရားဥပဒေစနစ်ပေါ် အခြေခံပြီး တရားမျှတမှုရှိတဲ့ ဥပဒေတွေ ရေးဆွဲပြဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူးပေါင်း ဖော်ဆောင်သွားရမှာဖြစ်တယ်။"ဟု TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ကပြောသည်။

TNLA ထိန်းချုပ်ထားသည့် မြို့ရွာများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဒေသခံနေအိမ်များကို ပြန်လည်ထူထောင်နိုင်ရန် ကနဦး ဦးစားပေးအဆင့်အနေဖြင့်  ဆောင်ရွာက်သွားမည်ဟု ဆိုသည်။

#TachileikNewsAgency