အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်းကို ဖမ်းဆီး

အာဏာသိမ်းအဖွဲ့က ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်းကို ဖမ်းဆီး
အောက်တိုဘာ 4, 2021 | ရှမ်းမြောက်
By Tachileik News Agency

 ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ကတည်းက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အောက်တိုဘာလ (၁) ရက်နေ့တွင် လားရှိုးအမှတ် (၁) ရဲစခန်းသို့ လွှဲပြောင်းအမှုဖွင့်ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖေါက်မှု တွေကို ရေးသားဖေါ်ပြလို့  ကျွန်တော်တို့အပေါ်  စစ်ကောင်စီက အဲဒါကို မဲပြီးဖမ်းဆီးတာဖြစ်မယ်လို့ ထင်တယ်။ ကျွန်တော်တို့က သတင်းအလုပ်ကို လွတ်လွတ်လပ်လပ်ပဲ လုပ်ခဲ့တာ။ အရင်ကလည်း ဒီပုံစံပဲ။ ဘယ်သူက စေခိုင်းလို့ လုပ်နေတာမဟုတ်ဘူး။ လူထုအပေါ်မတရားတာလုပ်တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့တွေကိုမဆို ရေးသားဖေါ်ပြနေတာပဲ။ အခုက ရှမ်းမြောက်မှာ သူတို့ဘာလုပ်နေတယ်ဆိုတာ တခြားသူတွေ မသိစေချင်လို့ ကျွန်တော်တို့သတင်းဌာနကို ဖိနှိပ်ဖို့ကြိုးစားတာလို့ မြင်ပါတယ်

ဟု ရွှေဖီမြေသတင်းအေဂျင်စီ၏ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရွှေဖီမြေသတင်းအေဂျင်စီ၏ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်းဖြစ်သူ အသက် (၂၀) အရွယ် လွေးအမ်ဖောင်ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲပူးပေါင်းအဖွဲ့က စက်တင်ဘာလ (၂၆) ရက်နေ့အကူး နံနက် (၁၂) နာရီခွဲအချိန်၌ လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၃)ရှိနေအိမ်ကို ခြံစည်းရိုးကျော်တက်၍ ဝင်ဖမ်းခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

လာရောက်ဖမ်းဆီးစဉ်က စစ်ကား (၂)စီး၊ ရဲကား (၂)စီး၊ အိမ်စီးကား (၁)စီးတို့ဖြင့် အိမ်ဘေးပတ်လည်ကို ဝန်းရံထားပြီး စစ်ဝတ်စုံ (၂၀) ကျော်နှင့် ရဲဝတ်စုံ (၅) ဦးပါဝင်ပြီး အနီးဝန်းကျင် လမ်းကြားများတွင်လည်း ကား (၅) စီးထက်မနည်း ရပ်ထားသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

 နေအိမ်အတွင်း မွှေနှောက်ရှာဖွေကာ နေအိမ်ရှိလူအားလုံး၏ ဖုန်းများကို စစ်ဆေးခြင်းကိုလည်း လုပ်ဆောင်ခဲ့ပြီးနောက် လွေးအမ်ဖောင်ကို ခေါ်ဆောင်သွားကာ စက်တင်ဘာလ (၃၀) ရက်နေ့အထိ စစ်ကြောရေးတွင် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် အောက်တိုဘာလ (၁) ရက်နေ့တွင် လားရှိုးမြို့မရဲစခန်းကို လွှဲလိုက်ပြီး အမှုဖွင့်ထားသည်ဟု သိရသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က သတင်းသမားများအား လိုက်လံဖမ်းဆီးမှုများကြောင့် သတင်းဌာနများက သတင်းထောက်များ လုံခြုံရေးအတွက် တာဝန်မှရပ်ဆိုင်းခြင်းများ လုပ်ဆောင်နေကြရာ လွေးအမ်ဖောင်ကိုလည်း ရွှေဖီမြေသတင်းအေဂျင်စီက ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့ကတည်းက လုပ်ငန်းတာဝန်မှ ရပ်စဲပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့သည် မေလ (၅) ရက်နေ့ ည (၁၀) နာရီကျော်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁၀)ရှိ ရွှေဖီမြေ သတင်းအေဂျင်စီ ရုံးခန်းနှင့် ဝန်ထမ်းနေထိုင်ရာအိမ်ခန်းတို့ကို သော့ဖျက်ဝင်ရောက်၍ မွှေနှောက်ရှာဖွေခြင်းများ လုပ်ခဲ့သည်။

အာဏာသိမ်းမှုကြောင့် ဖြစ်ပွားသည့်မြေပြင်အခြေအနေများအား သတင်းထုတ်လွှင့်နေသည့် သတင်းဌာနများနှင့် သတင်းထောက်များအား အာဏာသိမ်းအဖွဲ့က ဖမ်းဆီး၊ အမှုဖွင့် ဖိနှိပ်ခြင်းများ လုပ်ဆောင်နေရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့အထိ သတင်းသမားစုစုပေါင်း (၁၀၂) ဦး ဖမ်းဆီးခံခဲ့ရကာ သတင်းဌာနပေါင်း (၁၁) ခုကို တရားစွဲဆိုခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်းများ လုပ်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနများဖြစ်သည့် Tachileik News Agency မှ ဓါတ်ပုံသတင်းထောက် ကျော်ဇင်ဟိန်း၊ ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်၊ သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီမြေသတင်းထောက်ဟောင်း လွေးအမ်ဖောင်တို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။