ကျိုင်းတုံမြို့ ဝေါ်ခုတ်မြို့သစ်တွင် ဧည့်စာရင်းစစ်မည်ဟုပြောကာ တံခါးဖွင့်ခိုင်းပြီး လူငယ်တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွား

ကျိုင်းတုံမြို့ ဝေါ်ခုတ်မြို့သစ်တွင် ဧည့်စာရင်းစစ်မည်ဟုပြောကာ တံခါးဖွင့်ခိုင်းပြီး လူငယ်တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွား
ဧပြီ 6, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝေါ်ခုတ်မြို့သစ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က နေအိမ်အား ဧည့်စာရင်းစစ်မည်ဟု ပြောပြီး လူအကုန်ထွက်လာခိုင်းကာ လူငယ်တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၆)ရက်နေ့ ည(၉း၁၇)နာရီဝန်းကျင်အချိန်က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က နေအိမ်သို့ ရောက်ရှိလာပြီး ဧည့်စာရင်းစစ်မည်ဟု ပြောကာ လူအကုန်ထွက်လာခိုင်းရာ နေအိမ်တွင် လူကြီးမိဘများမရှိချိန် အသက်(၂၀)နှစ်အရွယ် ကိုစောကျော်သူရ ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

နေအိမ်တွင် မိန်းကလေး (၃)ဦး နှင့် ယောက်ျားလေး(၂)ဦးသာရှိပြီး မိခင်ဖြစ်သူမှာ ရွာသွားလိုက်၍ နေအိမ်ရှိ ကလေးများက  မိခင်ဖြစ်သူအား ဖုန်းဆက်ခေါ်မည် ခဏစောင့်ပေးပါဟု ပြောသော်လည်း အတင်းဖမ်းဆီးခေါ်ဆောင်သည့်အတွက် ကျန်လူငယ်များက ကိုစောကျော်သူရအား ဝိုင်းဆွဲထားရာ စစ်တပ် နှင့် ရဲတို့က ဆွဲထားရန်မလိုကြောင်း မလွတ်ပါက သေနတ်နှင့် ပစ်မည်ဟု  ပြောကာ သေနတ်အား မောင်းတင်၍ လူငယ်များအား ခြိမ်းခြောက်သည့်အတွက် လွတ်ပေးလိုက်ရကြောင်း သိရသည်။

မိခင်ဖြစ်သူ အလာကို ခဏစောင့်ရန် နေအိမ်ရှိ လူငယ်များက တောင်းပန်ပြောဆိုသော်လည်း အချိန်မရှိ၍ မစောင့်နိုင်ကြောင်း ပြောဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။ 



လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူကို မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးသလို ဆက်သွယ်၍လည်း မရသေးကြောင်း သိရသည်။