ကမာရွတ် နှင့် စမ်းချောင်းမြို့နယ်အတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်သည့် အဖွဲ့ကို ဖုန်းအလုံးပေါင်း (၁၂၀) နှင့်အတူ ဖမ်းမိ

ကမာရွတ် နှင့် စမ်းချောင်းမြို့နယ်အတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်သည့် အဖွဲ့ကို ဖုန်းအလုံးပေါင်း (၁၂၀) နှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 13, 2022 | မှုခင်းသတင်း

 ရန်ကုန်တိုင်း ကမာရွတ် နှင့် စမ်းချောင်းမြို့နယ်အတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်သည့် အဖွဲ့ နှင့် ခိုးရာပါ ပစ္စည်းလက်ခံဝယ်ယူသူ စုစုပေါင်း (၁၁)ဦးကို ဖမ်းမိကြောင်း သတင်းထုတ်ပြန်လာသည်။

ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံအနီးနှင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတစ်ဝိုက်တို့တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုများ ကျူးလွန်သူ (၉)ဦး နှင့် ခိုးရာပါ ပစ္စည်း လက်ခံသူ (၂)ဦး စုစုပေါင်း (၁၁)ဦးကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နိုဝင်ဘာလ(၁၂)ရက်နေ့က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

ခါးပိုက်နှိုက် (၉)ဦးသည် အဖွဲ့ (၃)ဖွဲ့ခွဲပြီး ကမာရွတ် နှင့် စမ်းချောင်းမြို့နယ်အတွင်း လှည့်လည်ကာ ခါးပိုက်နှိုက်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့သည် လှည်းတန်းကုန်းကျော် တံတားအနီး၌ လက်ကိုင်ဖုန်း မျိုးစုံ (၈၆)လုံး၊ ကမာရွတ်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အရှေ့၊ 199 စတိုးဆိုင်အရှေ့၊ IT လက်ဖက်ရည် ဆိုင်အရှေ့၊ လှည်းတန်းလမ်းဆုံအနီး၊ လှည်းတန်းစင်တာအရှေ့နှင့် လှည်းတန်းဈေးအတွင်းတို့မှ လက်ကိုင်ဖုန်းမျိုးစုံ (၁၈)လုံး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတဝိုက်မှ လက်ကိုင်ဖုန်းမျိုးစုံ (၁၆)လုံး၊ စုစုပေါင်း လက်ကိုင်ဖုန်းမျိုးစုံ (၁၂၀)လုံးတို့ကို ခရီးသွားပြည်သူများထံက ခါးပိုက်နှိုက်ယူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ခါးပိုက်နှိုက်ယူလာသည့် ဖုန်းများကို အမျိုးသား(၂)ဦးထံ ပြန်လည်ရောင်ချခြင်းဖြစ်၍ ခါးပိုက်နှိုက် (၉)ဦး နှင့် လက်ခံဝယ်ယူသူ (၂)ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ခါးပိုက်နှိုက် (၉)ဦး အနက်  စိန်သန်းအေး (ခ)စိန်ကြီး၊ ဇော်မင်းထွေး(ခ) အောင်လေး(ခ)ကုလားကြီး၊ ဇော်မျိုးဦး(ခ)ဝက်ကြီး(ခ)ပါကျဲနှင့် ကျော်မျိုးနိုင်(ခ)အပုလေးတို့ (၄)ဦးသည် ၂၀၂၂ ခုနှစ် မေလ (၁၁)ရက် မွန်းလွဲ (၂)နာရီ (၁၅)မိနစ်အချိန်က ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျာသီရိလမ်း၌ ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦးအား သတ်ဖြတ်မှုတွင် အဓိက ပါဝင်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း၌ (ပ)၁၃၆/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ ဖြင့်အမှုဖွင့်ပြီး အလိုရှိနေသည့် တရားခံပြေးများ ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ရန်ကုန်တွင် ခိုးဆိုးလုယက်မှုများမှာ ယခင်ကထက် ပေါ်ပေါ်ထင်ထင် အဆမတန် ဖြစ်ပွားလာနေပြီး နိုဝင်ဘာလ(၁၂)ရက်နေ့အထိ ဓါးပြတိုက်မှုလည်း ဖြစ်ပွားခဲ့သလို ရန်ကုန် အပြင် အခြားတိုင်းနှင့်ပြည်နယ်များရှိ မြို့များတွင်လည်း အလားတူဖြစ်စဉ်များ ဖြစ်ပွားနေသော်လည်း ရန်ကုန်ကဲ့သို့ ဖမ်းဆီးဖော်ထုတ်ခြင်းများ မပြုလုပ်ကြပေ။