တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် Covid-19 ကူးစက်ခံရသူ (၃၃၉)ဦးအထိ ရှိလာ၍ ရပ်ကွက်(၂)ခုနှင့် ကျေးရွာအချို့ကို Loackdown ချထား

တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် Covid-19 ကူးစက်ခံရသူ (၃၃၉)ဦးအထိ ရှိလာ၍ ရပ်ကွက်(၂)ခုနှင့် ကျေးရွာအချို့ကို Loackdown ချထား
အောက်တိုဘာ 16, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် Covid-19 ကူးစက်ခံရသူ (၃၃၉)ဦးအထိ ရှိနေသည့်အတွက် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအချို့တို့ကို Lockdown သတ်မှတ်ထားကြောင်း သိရသည်။

မနေ့က တာကြန့်မှာ (၈)ဦးတွေ့လို့ ဒီနေ့ Lockdown ချထားလိုက်ပြီ၊ ရပ်ကွက်(၂)ကတော့ Lockdown ချထားလို့ ဝမ်ဝိန်းရွာထိပါ ပါသွားတာပါ။ ဝမ်ဝိန်းရွာမှာတော့ ပိုးတွေ့သူမရှိသေးပါဘူး

ဟု တာလေမြို့မှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာလေမြို့တွင် ရပ်ကွက်များအနေဖြင့် ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)၊ ကျေးရွာများအနေဖြင့်  ဝမ်ဝိန်း၊ ရန်ကင်း(၁) နှင့် တာကြန့်ကျေးရွာတို့ကို Lockdown သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းအခြေအနေမှာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၃၃၉)ဦး ရှိသည်အနက် ကုသဆောင်နှင့်စောင့်ကြည့်စင်တာများကနေ သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့် ရရှိသွားကြသူများမှာ (၁၀၀)ကျော်အထိရှိနေကြောင်း သိရသည်။

Covid-19 ကူးစက်ခံရပြီးနောက်ရောဂါအခံရှိ၍ သေဆုံးသွားကြသူမှာလည်း အမျိုးသမီး (၅)ဦး နှင့် အမျိုးသား(၁)ဦး စုစုပေါင်း (၆)ဦး ရှိကြောင်း သိရသည်။