ကျောက်မဲမြို့တွင် ညပိုင်း ပစ်ခတ်ခံရပြီး ညမထွက်ရအမိန့်ဖြင့် ထောင်ဒဏ် ချမှတ်ခံရသည့် Covid-19 ပိုးတွေ့ လူငယ်(၂)ဦး နှင့် ထိတွေ့မှုရှိခဲ့သည့် (၃)ဦးတွင် Covid-19 ပိုးတွေ့

ကျောက်မဲမြို့တွင် ညပိုင်း ပစ်ခတ်ခံရပြီး ညမထွက်ရအမိန့်ဖြင့် ထောင်ဒဏ် ချမှတ်ခံရသည့် Covid-19 ပိုးတွေ့ လူငယ်(၂)ဦး နှင့် ထိတွေ့မှုရှိခဲ့သည့် (၃)ဦးတွင် Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇွန်လ (၂၀) ရက်နေ့က ညမထွက်ရအမိန့်ချိုးဖေါက်မှုဖြင့် စစ်တပ်က ပစ်ခတ်ဖမ်းဆီးကာ ထောင်ဒဏ်တစ်လ ချခံရသူ နှစ်ဦး၌ Covid-19 ပိုးတွေ့သဖြင့် ၎င်းတို့နှင့် ထိစပ်ခဲ့သူများကို လိုက်လံစစ်ဆေးခဲ့ရာ ယနေ့ ဇွန်လ (၂၅)ရက်နေ့တွင် ၎င်းတို့အလုပ် လုပ်သည့် ကားဘော်ဒီရုံမှ အမျိုးသား (၃)ဦးတွင် Covid-19 ပိုး ထပ်မံတွေ့ရှိသဖြင့် ကျောက်မဲပြည်သူ့ဆေးရုံသီးသန့်ဆောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဇွန်လ (၂၀)ရက်နေ့ ညပိုင်းက ကျောက်မဲမြို့ အောင်ဆန်းလမ်း(ပုလဲလမ်းကြားအနီး)တွင် အမျိုးသားနှစ်ဦးကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေနတ်မှန်ဒဏ်ရာရရှိပြီး ၎င်းတို့နေထိုင်သည့် အမှတ် (၂)ရပ်ကွက်၊ ရန်ကင်းရပ်တွင် ဆေးကုသရန်ကြိုးပမ်းခဲ့ကာ နောက်ပိုင်းတွင် ကျောက်မဲရှိ ဆေးတပ်၌သွားရောက်ကုသစဉ် ဖမ်းခံရပြီး (၃)ရက်အကြား၌ သီပေါအကျဉ်းထောင်သို့ပို့စဉ်မှာ ထောင်အတွင်းစစ်ဆေးခဲ့ရာ Covid-19 ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှင့် ထိတွေ့ခဲ့သူများအနက် ဆေးတပ်နှင့်သက်ဆိုင်ရာတို့မှ ထိစပ်သူများကို ကျောက်မဲကိုဗစ်ကော်မတီနှင့် ကျန်းမာရေးဌာနတို့က RDT Test Kit ဖြင့် ဦးစားပေး စစ်ဆေးခဲ့ပြီး ပိုးတွေ့သူနှစ်ဦး၏ မိသားစုနှင့် ထိစပ်သူ (၃၄)ဦးကို (၆)ရက်အကြာ ဇွန်လ (၂၅)ရက်နေ့ကျမှ စစ်ဆေးခဲ့ရာ ပိုးတွေ့သူများ နေထိုင်ခဲ့သည့် နေအိမ်အလုပ်ရုံမှ  အမျိုးသား (၃)ဦးတွင် Covid-19 ပိုး ထပ်မံတွေ့ရှိခဲ့သည့်အတွက် လက်ရှိတွင် ကျောက်မဲပြည်သူ့ဆေးရုံရှိ isolation ward သို့ ပို့ဆောင်ပေးထားကာ သံသယရှိသူ (၃)ဦးလဲ ထပ်ရှိထားကြောင်း သိရသည်။

၎င်းနှစ်ဦးနှင့် ထိစပ်ခဲ့သူများ အနက် ဇွန်လ (၂၀)ရက်နေ့ ညက  ၎င်းတို့ထိုင်ခဲ့သည့် ဘီယာဆိုင်၊ သွားရောက်ကုသခဲ့သည့် ဆေးတပ်၊ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့၊ ဥပဒေအရာရှိများ စသည်တို့ကို ကျောက်မဲကိုဗစ်ကော်မတီက လိုက်လံ၍  စစ်ဆေးခဲ့ပြီး သယ်ယူပို့ဆောင် ပေးခဲ့သည့် လူနာတင်ယာဉ်တွင် ပါဝင်သူများလဲ အသွားအလာကန့်သတ်နေထိုင်ထားပြီးဖြစ်သည်ဟု သိရသည်။

 #TachileikNewsAgency