မူဆယ်မြို့လယ် နာရီစင်အနီး ပေါက်ကွဲမှု ဖြစ်ပွား

မူဆယ်မြို့လယ် နာရီစင်အနီး ပေါက်ကွဲမှု ဖြစ်ပွား
အောက်တိုဘာ 10, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း ) မူဆယ်မြို့လယ်ရှိ နာရီစင်အနီး သဲအိတ်များကာရံထားသောနေရာတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ( ၁၀ )ရက်နေ့ ညနေ (၃) နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

စစချင်းအသံကြားတော့ ကားဘီးပေါက်တဲ့အသံထင်နေတာ။ သွားကြည့်တော့မှ မီးခိုးတွေလည်း တွေ့တယ်။ အသံမိုင်းလိုမျိုး ပေါက်ကွဲမှုလို့ ထင်တယ်။ သဲအိတ်တွေကာထားတဲ့နေရာက အရင်က ရဲလုံခြုံရေးစောင့်တာ ရှိတယ်။ ဒီနောက်ပိုင်း သိပ်မတွေ့တော့ဘူး။ ပေါက်ကွဲမှုက လူတွေဘာတွေ ထိတာတော့မတွေ့ဘူး

 ဟု မူဆယ်ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

မူဆယ်မြို့လယ်ရှိ နာရီစင်အနီးတစ်ဝိုက်သည် လူသွားလူလာများပြားသောနေရာဖြစ်သော်လည်း ပေါက်ကွဲမှု ဖြစ်သည့်အချိန်တွင် လူနည်းပါးနေသည့်အတွက် ထိခိုက်မှုမရှိခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မူဆယ်မြို့လယ်နာရီစင်အနီးတွင်  ဧပြီလအတွင်းကလည်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ဖူးပြီး လူထိခိုက်မှုမရှိသော်လည်း အနီးနားရှိ ဆိုင်များမှ မှန်များပါကွဲခဲ့သည်အထိ ပြင်းထန်ခဲ့သည်ဟု သိရသည်။

 မူဆယ်မြို့နယ် မိုင်းယု ( ၁၀၅ )မိုင် ကုန်သွယ်ရေးဇုန်အဝင်ရှိ လုံခြုံရေးများရှိသော ( လားရှိုး-မူဆယ် မောင်းတံဂိတ်) စစ်ဆေးရေးဂိတ်အနီး၌ အောက်တိုဘာလ ( ၇ ) ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ မော်တော်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး လူအသေအပျောက်မရှိခဲ့ကြောင်း သိရသည်။