တာချီလိတ်မြို့တွင် (၂)ရက် ဆက်တိုက် အပိုင်းများခွဲပြီး လျှပ်စစ်မီး တစ်နေကုန်စီ ပြတ်တောက်မည်

တာချီလိတ်မြို့တွင် (၂)ရက် ဆက်တိုက် အပိုင်းများခွဲပြီး လျှပ်စစ်မီး တစ်နေကုန်စီ ပြတ်တောက်မည်
အောက်တိုဘာ 10, 2021 | ရှမ်းရှေ့

ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ့်ကျန်းမြို့တွင်း လျှပ်စစ်ဓါတ်အားပိုင်းဆိုင်ရာ ပြုပြင်စစ်ဆေးမှုများ လုပ်ဆောင်ရန်ရှိသည့်အတွက် တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့ နှင့် (၁၂)ရက်နေ့များတွင် သတ်မှတ် မီးလိုင်းများအလိုက် လျှပ်စစ်မီး တစ်နေကုန်စီ ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေး၏ Feeder (1) အပိုင်းဖြစ်သည့် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပုန်းထွန်း၊ တာလော့၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ဆန်ဆိုင်း(ခ) ရပ်ကွက်များအပြင် ပုံလို့လမ်းဝန်းကျင်အထိ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့တွင် နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်သည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် မြို့မီးလင်းရေး၏ Feeder (2) အပိုင်းဖြစ်သည့် မယ်ခေါင်၊ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ်နှင့် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အပြင် စက်မှုဇုန်နှင့် ဝမ်လုံး၊ မိုင်းဖုန်း(က+ခ)၊ ဖန်မင် နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီအချိန်အထိ လျှပ်စစ်မီး ပြတ်တောက်မည် ဖြစ်သည်။

အဆိုပါ (၂)ရက်အတွင်း ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်မီးပြုပြင်မှုများ ပြုလုပ်သလို  တာချီလိတ်မြို့တွင်လည်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး နှင့် ပျောက်ဆုံးယူနစ်လျှော့ကျရေးတို့အတွက် ပြုပြင်မှုများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ရယူသုံးစွဲထားခြင်းဖြစ်သလို တာချီလိတ်မြို့နယ်လက်အောက်ခံ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင်လည်း လာအိုနိုင်ငံမှ လျှပ်စစ်မီးကို ရယူသုံးစွဲနေခြင်း ဖြစ်သည်။