တာချီလိတ်တွင် တတိယအကြိမ် အခမဲ့ ဘီပိုး ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကို မေလ(၁၅)ရက် နောက်ပိုင်းမှ စတင်မည်

တာချီလိတ်တွင် တတိယအကြိမ် အခမဲ့ ဘီပိုး ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကို မေလ(၁၅)ရက် နောက်ပိုင်းမှ စတင်မည်
ဧပြီ 29, 2020
By Tachileik News Agency
တာချီလိတ်တွင်  တတိယအကြိမ် အခမဲ့ ဘီပိုး  ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်ကို  မေလ(၁၅)ရက် နောက်ပိုင်းမှ စတင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသည်းရောင်ဘီပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသည့် အစီအစဉ်မှ နောက်ဆုံးအကြိမ် ထိုးနှံရမည့်သူများကို ၂၀၂၀ ခုနှစ် မေလ(၁၅)ရက်နေ့ နောက်ပိုင်းတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရာကြီး အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(ဘဝနတ်ထံပြန်လွန်တော်မူပြီးသော) နှင့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်) တို့ကို အမှူးထား၍ ဒေသတွင်းမှ လုပ်ငန်းရှင်များက ပူးပေါင်း လှူဒါန်း ကူညီမှုဖြင့် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

အခုက တတိယအကြိမ် ထိုးရမယ့်အချိန်ရောက်လာတာပေါ့။ ဒီချိန်မှာက ဆေးထိုးမယ့် လူအရေအတွက်က တစ်ထောင်ကျော်ရှိတယ်။ အခုချိန်မှာက နိုင်ငံတော်က ကလေးတွေကို ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေကိုတောင် ကျန်းမာရေးဝန်ကြီးဌာနက အခု ရပ်ဆိုင်းထားရတာ။ ဒါက ဝန်ကြီးဌာနက မဟုတ်ဘဲ သီးခြားအနေနဲ့ထိုးပေးတာဆိုတော့ အခုချိန်မှာက လူစုလူဝေးနဲ့ ဖြစ်ဖို့မသင့်သေးဘူး။ မေလ(၁၅)ရက် ကျော်လောက်မှ ထိုးပေးဖို့ စီစဉ်ထားပါတယ်

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို (၃)ကြိမ်ထိုးနှံကြရမည်ဖြစ်ရာ ပထမနှင့် ဒုတိယအကြိမ်တို့ကို ထိုးနှံပြီးသူများအတွက် နောက်ဆုံးအကြိမ်ကာကွယ်ဆေးကိုလည်း အခမဲ့ ထိုးနှံပေးမည်ဖြစ်သည်။

ပထမအကြိမ် နဲ့ ဒုတိယအကြိမ် ထိုးပြီးသားသူတွေကို နောက်ဆုံးအကြိမ်အဖြစ် ထိုးပေးမှာ။ ဒီဆေးက တခြားမှာ ဝယ်ထိုးလို့မရဘူး။ ဆေးက အတော်ကောင်းတယ်။ ဟိုဘက်လာတာ။ အခုက အရင် ပထမ နဲ့ ဒုတိယအကြိမ်မှာ ထိုးပြီးတဲ့ လူဟောင်းတွေကိုပဲ ထိုးပေးမှာပါ လူသစ်တွေ မပါ ပါဘူး

ဟု ကာကွယ်ဆေးအခမဲ့ထိုးနှံပေးသည့် အစီအစဉ်တွင် လှူဒါန်းသူတစ်ဦးဖြစ်သည့် မြသဟာ(အဆွေတော်မိသားစု) ဆေးရုံမှ ဦးတင်လှိုင်က ပြောသည်။

ပထမအကြိမ် ဘီပိုးကာကွယ်ဆေးကို တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နှင့် (၂၀)ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအကြိမ်ကို မြသဟာဆေးရုံတွင် ဒီဇင်ဘာလ(၂၀)ရက်နေ့တွင်လည်းကောင်း ထိုးနှံပေးထားခြင်းဖြစ်သည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) က တာချီလိတ် မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အောက်တိုဘာလအတွင်းက လူဦးရေ (၅၀၀) ကို အသည်းရောင် B ပိုး၊ C ပိုး စစ်ဆေးခြင်းနှင့် လိုအပ်သူများကို ကာကွယ်ဆေးထိုးပေးခြင်းအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ဒေသတွင်းမှ အလှူရှင်များက ပါဝင်လှူဒါန်းမှုဖြင့် လူဦးရေ (၁၀၀၀) အထိ စစ်ဆေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ကိုဇောင်း ( Ko Zaung )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~